The network connection is lost.

Banner Image

အာဆင်နယ်၊ ပီအက်စ်ဂျီတို့ကို ငြင်းပယ်ပြီး ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေတဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်

နွေရာသီအပြောင်းအရွှေ့ကာလနီးကပ်လာတာနဲ့အမျှ ဂျူလီယန်အယ်လ်ဗာရက်ဇ်က အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ထက် ဘာစီလိုနာအသင်းကိုသာပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဘာစီလိုနာအသင်းက အခုနွေရာသီ၊ စာချုပ်သက်တမ်းကုန်ဆုံးကာ အသင်းမှထွက်ခွာသွားတဲ့ လီဝန်ဒေါစကီးရဲ့နေရာကို အဓိကအစားထိုးနိုင်ဖို့ ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် အပြင်းအထန်ကြိုးပမ်းနေပါတယ်။

The Standard သတင်းဌာနရဲ့အဆိုအရ လပေါင်းများစွာကြာအောင် ရေပန်းစားနေတဲ့ ဒီအာဂျင်တီးနားတိုက်စစ်မှူးရဲ့အနာဂတ်က အာဆင်နယ်၊ ပီအက်စ်ဂျီတို့ကို ကျော်လွန်ပြီး ဘာစီလိုနာမှာပဲ အဆုံးသတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်-၂၆ နှစ်အရွယ်ကစားသမားကို လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ကိုင်ဟားဗက်ဇ်နဲ့ ဂျီးဆပ်စ်တို့ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ အာဆင်နယ်နည်းပြအာတီတာက အဓိကအာရုံစိုက်နေခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အတွက် ကံကောင်းမှုတစ်ခုကတော့ အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာခွင့်ရရှိဖို့ အယ်လ်ဗာရက်ဇ်ကိုယ်တိုင် အတင်းအကျပ်ဖိအားပေးသွားဖို့မရှိဘဲ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ပေါ်ပေါက်လာဖို့ဆိုတာ မလွယ်ကူနိုင်ဘူးဆိုတဲ့ စပိန်သတင်းဌာန Cadena SER ရဲ့ဖော်ပြချက်ပဲ ဖြစ်ပါတယ်။

စပိန်နိုင်ငံမှလာတဲ့ သတင်းတွေအရလည်း ဘာစီလိုနာဆီပြောင်းရွှေ့ဖို့ ဒီတိုက်စစ်မှူးကိုယ်တိုင် ပိုမိုလိုလားနေပေမဲ့ နယူးကာဆယ်ကြယ်ပွင့်ဂေါ်ဒွန်ကိုခေါ်ယူဖို့ ကတ္တလန်ဒေသခံကလပ်အသင်းမှာ ငွေကြေးအမြောက်အများအသုံးပြုခဲ့ရပြီးနောက် ဘဏ္ဍာရေးအခက်အခဲကြောင့် ကလပ်အသင်းနှစ်ခုအကြား ဆွေးနွေးမှုတွေ ရပ်တန့်နေတယ်လို့ သိရပါတယ်။

အယ်လ်ဗာရက်ဇ်ရဲ့စာချုပ်သက်တမ်းက ၂၀၃၀ ပြည့်နှစ်၊ ဇွန်လအထိ ရှိနေလို့ အက်သလက်တီကိုမက်ဒရစ်ဘက်မှာလည်း ဒီတိုက်စစ်မှူးအတွက် ငွေကြေးအမြောက်အများတောင်းဆိုပိုင်ခွင့် ရှိနေပြီး ဆွေးနွေးမှုတွေမှာ အသာစီးရရှိနိုင်ခြေကို ပိုင်ဆိုင်ထားပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက အနာဂတ်စီမံကိန်းတွေအတွက် အယ်လ်ဗာရက်ဇ်ကို အဓိက ဦးတည်ထားပေမဲ့လည်း အသင်းမှထွက်ခွာချင်တယ်ဆိုရင်တော့ ဒီအာဂျင်တီးနားကြယ်ပွင့်ကို ရောင်းချဖို့မှလွဲပြီး အခြားရွေးချယ်စရာ မရှိနိုင်ပါဘူး။