The network connection is lost.

Banner Image

အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီးနောက် ဒဏ်ရာရကစားသမား ၂ ဦးအခြေအနေကို ထုတ်ပြန်လာတဲ့ ပဲလေ့စ်

သမိုင်းဝင်အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီးနောက် နည်းပြ ဂလက်စ်နာက အဓိကကစားသမား ၂ ဦးဖြစ်တဲ့ ဂူဟီ နဲ့ ဝါတန်တို့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပဲလေ့စ်ဟာ စနေနေ့တုန်းက မန်စီးတီးကို အီဇီးရဲ့တစ်လုံးတည်းသောဂိုးနဲ့အတူ အနိုင်ရခဲ့ပြီး သမိုင်းတစ်လျှောက်ပထမဆုံးဆုဖလားကိုရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အောင်ပွဲခံမှုတွေအပြင် အဓိကကစားသမား ၂ ဦးရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။ ၂ ဦးစလုံးက ဒုတိယပိုင်းမှာ ဒဏ်ရာကိုယ်စီရရှိခဲ့တာဖြစ်ပြီး လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ဂူဟီက မျက်လုံးဒဏ်ရာရခဲ့တာဖြစ်ပြီး စနေနေ့ညနှောင်းပိုင်းမှာ ဆေးရုံးကနေဆင်းမှာဖြစ်ပါတယ်။

ဝါတန်အခြေအနေကတော့ အနည်းငယ်အဆင်ပြေတယ်လို့ သိရပါတယ်။ ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်မှာ စံချိန်တင်ထားနိုင်တဲ့ရမှတ်စံချိန်ကို ချိုးဖျက်နိုင်ဖို့ လက်ကျန် ၂ ပွဲဖြစ်တဲ့ ဝုဗ် ၊ လီဗာပူးတို့နဲ့ပွဲမှာ ၁ ပွဲကို သရေကန်နိုင်လို့ လိုအပ်နေပါတယ်။ ဒါပေမယ့် ဂလက်စ်နာက အင်္ဂလန်သား ၂ ဦးဟာ လာမယ့်အင်္ဂါနေ့မှာကန်မယ့်ပွဲကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး ဝါတန်ကတော့ လာမယ့်တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

“မနက်ဖြန်ပွဲကို အဒမ် နဲ့ မာ့စ်တို့ သေချာပေါက်လွဲချော်မှာပါ။ အဒမ်က လီဗာပူးနဲ့ပွဲကိုပါ လွဲချော်နိုင်နိုင်ပါတယ်။ မာ့စ်အခြေအနေကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာတော့ ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံးက မနက်ဖြန်ပွဲကို လွဲချော်မှာပါ”လို့ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။ လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ သူတို့ ၂ ဦးစလုံးအင်္ဂလန်အတွက် ပါဝင်နိုင်မလားဆိုတာလည်း မသေချာသေးတာဖြစ်ပါတယ်။

ပဲလေ့စ်နည်းပြ ဂလက်စ်နာက ဝင်ဘာလေဖိုင်နယ်ပွဲအပြီးကတည်းက သူ့အသင်းကို လေ့ကျင့်ခန်းမဆင်းဘူးလို့ အတည်ပြုခဲ့ပါတယ်။ “တနင်္ဂနွေနေ့ လေ့ကျင့်ခန်းအစီအစဉ်ကို ကျွန်တော်တို့ ဖျက်သိမ်းထားပါတယ်။ သတင်းစာရှင်းပွဲအပြီးမှာ ကျွန်တော်တို့ လေ့ကျင့်ခန်းဆင်းမှာပါ။ ကစားသမားအားလုံးနဲ့ နောက်တစ်ကြိမ်ပြန်လည်တွေ့ချင်ပါတယ်။

ဒါပေမယ့် မှန်ပါတယ်။ ဒီနေ့မှာသူတို့ ဘယ်လိုစွမ်းဆောင်မလဲဆိုတာ မသိသေးပါဘူး။ မှန်ကန်တဲ့စိတ်ခွန်အားရှာဖွေဖို့ လိုအပ်ပါတယ်။  ကျွန်တော်တို့ မီတင်ထိုင်ပြီး အဲ့အကြောင်းပြောပါမယ်။ ကျွန်တော်တို့ တူတူမှန်ကန်တဲ့အာရုံစိုက်မှုရှာဖွေရပါမယ်။ အခုအပတ်ကို ဘယ်လိုစတင်မလဲဆိုတာရယ် အဆုံးဘယ်လိုသတ်မလဲဆိုတာရယ် အဖြေရှာရပါမယ်။

ကျွန်တော်တို့ လက်ကျန် ၂ ပွဲကန်ရပါဦးမယ်။ ကျွန်တော်တို့ အဲ့အကြောင်းပြောရမှာဖြစ်ပြီး ဘာလုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်”လို့ ဂလက်စ်နာက ထပ်လောင်းပြောကြားခဲ့ပါတယ်။