The network connection is lost.

Banner Image

အိုလံပီယာကို့စ်နဲ့ပွဲအပြီး အာဆင်နယ်စတားတစ်ဦးကို ဟားဂရေ့ဗ် ချီးကျူး

ယူနိုက်တက်စတားဟောင်း အိုဝင်ဟားဂရေ့ဗ်က အိုလံပီယာကို့စ်အသင်းနဲ့ပွဲအပြီးမှာ အာဆင်နယ်စတား အိုဒီဂတ်ရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဂရိကလပ် အိုလံပီယာကို့စ်ကို သက်တောင့်သက်သာအနိုင်ယူနိုင်ခဲ့ပါတယ်။ အိုဒီဂတ်ရဲ့ပေးပို့မှု ကို တိုက်စစ်မှူး ယောကရက်စ်က အဆုံးသတ်ခဲ့ပေမယ့် ပြန်ထွက်လာတာကို မာတီနယ်လီက ပိတ်သွင်းကာ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။

အဲ့နောက် ဒုတိယပိုင်းမှာ အရန်ခုံကနေလူစားဝင်လာတဲ့ ဆာကာက အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။အာတီတာရဲ့အသင်းဟာ မနှစ်ကတုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး အခုရာသီမှာလည်း တောင့်တင်းတဲ့လူအင်အားနဲ့အတူ အမြင့်ဆုံးအဆင့်အထိ တက်ရောက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

အိုဒီဂတ်ဟာ ဒဏ်ရာတွေကြောင့် ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး အခုချန်ပီယံလိဂ်ပွဲမှာမှာ အကောင်းဆုံးခြေစွမ်းကို မြင်ခဲ့ရတာဖြစ်ပါတယ်။ “ပထမပိုင်းမှာ ကွင်းအတွင်းအကောင်းဆုံးကစားသမားက အိုဒီဂတ်ပါ။ သူက တကယ့်ကိုကောင်းလွန်းခဲ့တာပါ။ လက်ရှိအခိုက်အတန့်မှာ သူက စတားကစားသမားဆိုတာ မေးခွန်းထုတ်စရာမလိုပါဘူး။ သူကစားနိုင်သမျှ အကောင်းဆုံးကစားသမားပါ။ သူကစားတာကိုကြည့်ရတိုင်းမှာ နှစ်လိုဖွယ်ရှိပါတယ်။ ဂိုးအားလုံးက သူ့ဆီကနေမြစ်ဖျားခံတာပါ”လို့ ဟားဂရေ့ဗ်က ပြောကြားခဲ့ပါတယ်။

အဲ့နောက် မာတင်ဟာ အင်တာဗျူးကိုလာရောက်ပါဝင်ခဲ့ပါတယ်။ “မာတင်ရေ။ ငါတို့ မင်းရဲ့စွမ်းဆောင်ရည်အကြောင်းပြောနေတာပါ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။  ဘောလုံးပေးပို့မှုက တကယ့်ကိုထူးရှယ်ပါပဲ။ ပထမပိုင်းမှာ မင်းဆီကနေ ဘောလုံးပေးပို့တာတွေမြင်ခဲ့ရပါတယ်။ အဲ့ဘောလုံးတိုင်းက တိကျလွန်းပါတယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။ 

အဆိုပါချီးကျူးမှုကို အိုဒီဂတ်က “အခုလိုပြန်လာနိုင်ခဲ့တာက တကယ်ကောင်းပါတယ်။ ကျွန်တော် လွဲချော်တဲ့ပွဲတွေရှိခဲ့ပါတယ်။ ကျွန်တော်အခုတော့ အဆင်ပြေလာပါပြီ။ အဲ့တာက ကောင်းမွန်တဲ့နိုင်ပွဲပါ။ ကျွန်တော်တို့ အဆင်ချောအောင် အများကြီးအလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးဖန်တီးပေးချင်ပါတယ်။ အသင်းမှာ အဲ့လိုအရည်အချင်းရှိတယ်ဆိုတာလည်း သိပါတယ်။ 

ခံစစ်က ဘယ်လောက်ကောင်းလဲဆိုတာ မြင်နိုင်သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်မယ်ဆိုရင် အမြဲတမ်းကောင်းနေမှာပါ။ အဲ့တာက ကျွန်တော် လုပ်ချင်တဲ့အရာပါ။ အထူးသဖြင့်တိုက်စစ်မှူးတွေဆီ ဖန်တီးပေးချင်တာပါ. အဲ့တာက ကျွန်တော့်အလုပ်ဖြစ်ပြီး သူတို့အတွက် ဖန်တီးပေးရမှာပါ ကျွန်တော် ဖန်တီးမှုအချို့လုပ်နိုင်ခဲ့သလို အနိုင်လည်းရခဲ့ပါတယ်”လို့ အိုဒီဂတ်က ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း အိုဒီဂတ်ရဲ့စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ ချီးကျူးပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်စနေနေ့ ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲကန်ရမှာဖြစ်ပြီး အာတီတာရဲ့ပွဲ ၃၀၀ မြောက်ကိုင်တွယ်တဲ့ပွဲဖြစ်လာမှာဖြစ်ပါတယ်။