The network connection is lost.

Banner Image

အာဆင်နယ်မှာ ရှိနေရမှုကို စိတ်ပျက်စရာကောင်းတယ်လို့ ဝန်ခံပြောကြားလာတဲ့ ယောကရက်စ်

အာဆင်နယ်တိုက်စစ်မှူးယောကရက်စ်က အပြောင်းအရွှေ့သတင်းတွေအပါအဝင် နည်းပြအာတီတာလက်အောက် ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေကို ဖွင့်ဟပြောကြားလာပါတယ်။

ယောကရက်စ်က ၂၀၂၅ ခုနှစ်၊ နွေရာသီမှာ စပို့တင်းလစ္စဘွန်းမှ အာဆင်နယ်ဆီ ပေါင် ၆၄ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ပထမဆုံးဘောလုံးရာသီမှာတင် ၂၁ ဂိုးအထိ သွင်းယူကာ တစ်ရာသီလုံးစာ အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း အခုလို ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပေမဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားအတွက်တော့ အခုဘောလုံးရာသီမှာ ပွဲကစားချိန်ရရှိမှု နည်းပါးလာခဲ့ပါတယ်။ ဒါက ကိုင်ဟားဗက်ဇ်ကို အဓိကတိုက်စစ်မှူးအဖြစ် ပွဲထုတ်လာတဲ့ နည်းပြအာတီတာရဲ့ဆုံးဖြတ်ချက်နဲ့လည်း သက်ဆိုင်ပါတယ်။

အာဆင်နယ်က နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ငွေကြေးမသုံးစွဲခဲ့လို့ ဘာစီလိုနာဆီ ဂျီးဆပ်စ်ထွက်ခွာသွားပြီးနောက် ကိုင်ဟားဗက်ဇ်နဲ့ ယောကရက်စ်တို့နှစ်ဦးသာ ရွေးချယ်စရာအဖြစ် ကျန်ရှိနေခဲ့ပါတယ်။

ရိုမေးနီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဆွီဒင်ရဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးချိန် ယောကရက်စ်ရဲ့ စိတ်ပျက်အားလျော့နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပြီး မြောက်လန်ဒန်ကလပ်အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ သတင်းထောက်တွေဆီ ဖွင့်ဟခဲ့ပါတယ်။

သူက "သေချာတာပေါ့၊ ထင်ကြေးတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရာသီကြိုကာလတစ်ခုလုံးကို အပြည့်အဝဖြတ်သန်းခဲ့ပြီး အဆင်ပြေခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်အသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားခဲ့ပါတယ်"လို့ ပြောပါတယ်။

အာတီတာရဲ့လူစာရင်းမှာ လက်ရှိတာဝန်ယူထားရတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ယောကရက်စ်က "ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ဒါက စိတ်ပျက်စရာကောင်းတယ်ဆိုတာ အမှန်ပါပဲ။ ကစားသမားတစ်ဦးဆိုတာ ကွင်းထဲမှာ အမြဲတမ်း ရှိနေချင်ပြီး အသင်းအတွက် အကျိုးပြုချင်တယ်၊ ဂိုးတွေလည်း သွင်းချင်တာပေါ့" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"တခါတလေ စိတ်ပျက်စရာကောင်းပေမဲ့ အခွင့်အရေးရချိန်တိုင်း ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားသွားပြီး ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်"

"ပြီးခဲ့တဲ့ရာသီကတော့ အရာအားလုံး အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့သလို တခြားသောပြိုင်ပွဲအရပ်ရပ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့တယ်။ တကယ်တော့ နောက်ထပ်ဆုဖလားတစ်ခုကိုပါ ရရှိနိုင်ခဲ့ပေမဲ့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာ တကယ်ပဲ ဂုဏ်ယူစရာကောင်းပါတယ်" လို့ ဆိုပါတယ်။

ယောကရက်စ်က အခုရာသီ၊ အာဆင်နယ်အတွက် ၂၀၇ မိနစ် ပါဝင်ကစားပေးထားရာ ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်သေးပါဘူး။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မတိုင်ခင် သတင်းတွေ ပိုမိုထွက်ပေါ်လာနိုင်လို့ နှစ်ဖက်သဘောတူညီမှုသာ ရရှိလာမယ်ဆိုရင် ဆွီဒင်ကြယ်ပွင့်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကို မြင်တွေ့လာရနိုင်ပါတယ်။