The network connection is lost.

Banner Image

မက်ဆီရဲ့ဂုဏ်ပြုစကားက သူ့အတွက် အကောင်းဆုံးဂုဏ်ပြုစကားဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဒမ်ဘီလီ

ယခု ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် အူစမန်ဒမ်ဘီလီက သူ့အနေနဲ့ နာမည်ကျော်ကစားသမားအများအပြားထံမှ ဂုဏ်ပြုစကားတွေ လက်ခံရရှိခဲ့ပေမယ့် ဘောလွန်းဒီအော် ၈ ဆုရှင် လီယွန်နယ်မက်ဆီရဲ့ ဂုဏ်ပြုစကားက သူ့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒမ်ဘီလီဟာ ပီအက်စ်ဂျီနဲ့အတူ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သလို ပြီးခဲ့တဲ့လကလည်း ဥရောပစူပါဖလားကို ဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ပီအက်စ်ဂျီရဲ့ အအောင်မြင်ဆုံးရာသီအတွက် အဓိကအကျဆုံးကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲကစားခဲ့ရာမှာ ၃၅ ဂိုးအထိသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ 

ဒါကြောင့် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တဲ့ ဒမ်ဘီလီက ယခုအခါမှာတော့ "ကျွန်တော့်အတွက် အကောင်းဆုံးဂုဏ်ပြုစကားက လီယွန်နယ်မက်ဆီ ဆီကပါပဲ။ သူ ကျွန်တော့်ကို တိုက်ရိုက်မက်ဆေ့ပို့ခဲ့ပြီး ဇာဗီအပါအဝင် ဘာစီလိုနာအသင်းဖော်ဟောင်းတော်တော်များများ ကျွန်တော့်ကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။ သူတို့အားလုံးလည်း ဝမ်းသာနေကြပါတယ်။ ပီအက်စ်ဂျီကဆိုရင်တော့ ဟာကီမီ၊ လူးဝစ်အင်းနရစ်နဲ့ လူးဝစ်ကမ်ပို့စ်တို့ဆီက ဂုဏ်ပြုစကားတွေရခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဒမ်ဘီလီထံ တိုက်ရိုက်မက်ဆေ့ပေးပို့ခဲ့ရုံသာမက ဆိုရှယ်မီဒီယာကနေလည်း ဘောလွန်းဒီအော်ဆုအတွက် ဂုဏ်ယူကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အင်စတာဂရမ်မှတစ်ဆင့် အာဂျင်တီးနားအသင်းခေါင်းဆောင်က "ဂုဏ်ယူပါတယ် ဒမ်ဘီလီ။ မင်းအတွက်အရမ်းပျော်ပါတယ်။ ဒီဆုက မင်းနဲ့ထိုက်တန်ပါတယ်" လို့ရေးသားခဲ့တာဖြစ်ပါတယ်။

ဆုပေးပွဲမကျင်းပမီမှာတော့ ယခုနှစ်အတွက်ဘောလွန်းဒီအော်ကို ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမိုင်းယာမယ်လ်ဆွတ်ခူးနိုင်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဒမ်ဘီလီက ရမှတ် ၃၀၀ ကျော်အသာရပြီး ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ယာမယ်လ်ကလည်း ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာနဲ့အတူ ပြည်တွင်းဖလားအားလုံးကိုသိမ်းပိုက်ခဲ့ပြီး လူငယ်ရွှေဘောလုံးဆုကို ၂ နှစ်တက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။