ဟယ်ရီကိန်း၊ အမ်ဘာပေတို့ထက် မက်ဆီက ဘော်လွန်းဒီအော်ဆုနဲ့ ဘာကြောင့် ထိုက်တန်သလဲဆိုတာ ရှင်းပြလာတဲ့ ဒေးဗစ်ဘက်ခမ်း
ဒေးဗစ်ဘက်ခမ်းက ခရုဇ်အဇူလ်ကို အနိုင်ရပြီး Campeones Cup ဖလားကို ဆွတ်ခူးခဲ့တဲ့ ပွဲစဉ်မှာ အင်တာမိုင်ယာမီအတွက် ဂိုး ၁၀၀ ပြည့်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် လီယွန်နယ်မက်ဆီအနေနဲ့ ဘော်လွန်းဒီအော်ဆုကို ကိုးကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်လိမ့်မယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။
မက်ဆီက ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းကို ဗိုလ်လုပွဲမှာ မရှုံးနိမ့်မီအချိန်အထိ အာဂျင်တီးနားအသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီပူးတွဲပိုင်ရှင် ဘက်ခမ်းက ဟယ်ရီကိန်း၊ လမိုင်းယာမယ်လ်နဲ့ အမ်ဘာပေတို့လို ကစားသမားတွေကို ကျော်ဖြတ်ကာ ဘောလုံးလောကရဲ့ အမြင့်ဆုံး တစ်ဦးချင်းဆုကို မက်ဆီကပဲ ဆွတ်ခူးသွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဘက်ခမ်းက"မိုင်ယာမီမှာ သူ ကျွန်တော်တို့ အသင်းအတွက် ကစားပေးနေတယ်ဆိုတာကို အခုထိတောင် မယုံနိုင်သေးပါဘူး။ ဒါကြောင့်ပဲ ကျွန်တော် နေ့တိုင်း လေ့ကျင့်ရေးကွင်းဆီသွားပြီး အချိန်ရတိုင်း သူကစားတာကို လာကြည့်ဖြစ်တာပါ။ ကျွန်တော်တို့ကတော့ လီယိုကို အမြဲ ဘောလုံးကစားနေတာပဲ မြင်ချင်ပါတယ်။
ဒီညလိုမျိုး သူ လုပ်ပြသွားတာတွေကို တွေ့ရတဲ့အခါ၊ ကမ္ဘာ့ဖလားမှာ သူ ကစားပြခဲ့တဲ့ ခြေစွမ်းကို တွေ့ရတဲ့အခါ သူ ဘော်လွန်းဒီအော်ဆုအတွက် ထပ်စဉ်းစားခံနေရတာက ကံကောင်းလို့ မဟုတ်ပါဘူး။ ကံကြောင့် မဟုတ်ပါဘူး။ သူက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း မယုံနိုင်စရာ ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်မှာ ကမ္ဘာ့ဖလား ပွဲစဉ်တိုင်းအပေါ် အခုလိုမျိုး သြဇာလွှမ်းမိုးနိုင်ခဲ့တာက တကယ့်ကို ထူးခြားပါတယ်။ အသက် ၃၉ နှစ်အရွယ်မှာ ဒီအဆင့်အတန်းမျိုးနဲ့ ကစားနိုင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ သူက ဘော်လွန်းဒီအော်ဆုအတွက် ထည့်သွင်းစဉ်းစားခံရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော့် အမြင်အရတော့ သူ ဒီဆုကို ရသင့်ပါတယ်။ ဟယ်ရီကိန်း၊ အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့လို တခြား အဆင့်မြင့် ကစားသမားကောင်းတွေ ရှိနေပေမဲ့ လီယိုနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်က သူ့ရဲ့ အကြီးမားဆုံး ထောက်ခံအားပေးသူပါပဲ" ပြောခဲ့ပါတယ်။