The network connection is lost.

Banner Image

အာဆင်နယ်ကစားသမားတစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တယ်လို့ ပဲလေ့စ်နည်းပြဂလက်စ်နာဖွင့်ဟ

ဒီနေ့မနက်ပိုင်း၊ အာဆင်နယ်နဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ခရစ္စတယ်ပဲလေ့စ်က ဂန်းနားဂိုးသမားဒေးဗစ်ရာယာရဲ့နေရာယူပုံအပေါ် ပစ်မှတ်ထားချဉ်းကပ်ခဲ့တယ်လို့ အိုလီဗာဂလက်စ်နာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အမ်းမရိတ်စ်ကွင်းမှာကစားတဲ့ အခုပွဲစဉ်အတွင်း အာဆင်နယ်က ကီဝီအော်၊ ထရိုဆက်ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကို နှစ်ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပဲလေ့စ်က အီဇီ၊ မာတီတာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်၊ မာတီတာရဲ့သွင်းဂိုးမှာ ဆာလီဘာရဲ့ဘောလုံးပေးပို့ရန်နှေးကွေးနေမှုကို ပဲလေ့စ်တိုက်စစ်မှူးက အကောင်းဆုံးအသုံးချပြီး ဂိုးပေါက်နဲ့ဝေးကွာနေတဲ့ ဂိုးသမားဒေးဗစ်ရာယာကိုကျော်ကာ ဘောလုံးကို ဂိုးပေါက်ဆီ အသာလေးကန်သွင်းသွားခဲ့ပါတယ်။ အာဆင်နယ်ရဲ့အခုပွဲစဉ်သရေရလဒ်ကြောင့် လီဗာပူးက လာမယ့်တနင်္ဂနွေနေ့၊ တော့တင်ဟမ်ကို ဧည့်ခံကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ အနည်းဆုံးတစ်မှတ်ရရှိမယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် သရဖူဆောင်းနိုင်ပါလိမ့်မယ်။

ပွဲစဉ်အပြီး ဂလက်စ်နာက အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ တာဝန်ယူထားရတဲ့ဂိုးပေါက်နဲ့ မကြာခဏဆိုသလို ဝေးကွာနေလေ့ရှိတဲ့ ဒေးဗစ်ရာယာရဲ့ဖြစ်လေ့ဖြစ်ထရှိမှုကို သူ့ရဲ့ခရစ္စတယ်ပဲလေ့စ်ကစားသမားတွေဆီ မီးမောင်းထိုးရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဂလက်စ်နာက “ပွဲကြိုပြင်ဆင်ချိန် မနေ့တုန်းကလည်း ကစားသမားတွေဆီ ဒေးဗစ်ရာယာရဲ့မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိတဲ့အပြုအမူကို ကျွန်တော်တို့ပြသခဲ့ပါတယ်။ မာတီတာရဲ့သွင်းဂိုးဆိုရင် အခုပွဲစဉ်မှာ ဒေးဗစ်ရာယာရဲ့နေရာယူပုံကြောင့် ကျွန်တော်တို့ရရှိခဲ့တဲ့ တတိယမြောက်အခွင့်အလမ်း ဖြစ်ပါတယ်။ ပထမအကြိမ်အခွင့်အရေးကို ဂျပ်စတင်ဒီဗန်နီ အသုံးမချနိုင်ခဲ့လို့ ကျွန်တော်တို့တောင် ဒီအချက်ကို မေ့သွားခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ဝါတန်ရဲ့ကန်ချက်က ပါတေးနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာလည်း ရှိပါတယ်။ မဟုတ်ရင် ဒါက အတော်လေးကြီးမားတဲ့အန္တရာယ်ပေးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့တွေ တတိယမြောက်အခွင့်အလမ်းတစ်ခု ရရှိလာပါတယ်။ ဒီတစ်ကြိမ်မှာတော့ မာတီတာက အံ့ဖွယ်အဆုံးသတ်ကန်ချက်နဲ့အတူ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

မာတီတာရဲ့သွင်းဂိုးကို ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခဲ့တဲ့ လီဗာပူးနဲ့အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါကလည်း ရှိရမယ့်နေရာမှာ မရှိနေတဲ့ ဒေးဗစ်ရာယာအတွက် အပြစ်ပေးခံရတယ်လို့ ယူဆခဲ့ပါတယ်။ ကာရေဂါက “ ဂိုးသမားတွေကိုယ်တိုင် ကစားကွက်မှာ ပါဝင်ပတ်သက်မှုမရှိတဲ့ ကလပ်အသင်းအများစုကို ကျွန်တော်တို့ ပိုပြီးမြင်တွေ့လာရပါလိမ့်မယ်။ ဒါပေမယ့် ခံစစ်လေးယောက်တန်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒေးဗစ်ရာယာကို မြင်တွေ့ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒေးဗစ်ရာယာနဲ့ပတ်သက်လို့ ကျွန်တော့်မှာရှိနေတဲ့ ပြဿနာတစ်ရပ်က မကြာခဏဆိုသလို အိုဒီဂတ်ကိုယ်တိုင် ဗဟိုခံစစ်မှူးနေရာအထိ ဆင်းလာပြီဆိုရင် ကိုယ့်ဂိုးပေါက်ဆီ ပြန်သွားဖို့ လိုအပ်တဲ့ကိစ္စဖြစ်မယ်လို့ ထင်ပါတယ်။ ရလဒ်ပိုင်းကြောင့် အရင်ထက်ပိုပြီး ပေါ့ပေါ့ပါးပါးရှိနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဆာလီဘာနဲ့ တွဲကစားပြီးပြီဆိုတာနဲ့ ဒေးဗစ်ရာယာက အဲ့ဒီနေရာမှာရှိနေဖို့ မလိုအပ်တော့ပါဘူး။ ဆာလီဘာအတွက်လည်း စိတ်ရှုပ်စရာကိစ္စဖြစ်ပြီး အခုပွဲစဉ်မှာဆိုရင် ဒီလိုကိစ္စတွေ နှစ်ကြိမ်လောက် ဖြစ်သွားခဲ့ပါတယ်။ ဘာနေဗျူးကွင်းမှာတုန်းက ဒေးဗစ်ရာယာအရမ်းကောင်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့သွင်းဂိုးအတွက် သူ့ရဲ့အာရုံစိုက်မှု ပျောက်ဆုံးနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း မာတီတာရဲ့ အဆုံးသတ်ကန်သွင်းမှုက လုံးဝကောင်းမွန်ခဲ့ပါတယ်”လို့ ပြောပါတယ်။