
အာဆင်နယ်လူငယ်စတားနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့တောင်းဆိုလိုက်တဲ့ အိုဒီဂတ်
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း မက်စ်ဒေါင်းမန်းနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆယ်ကျော်သက်ကစားသမားလေးဟာ ဟေးအန့်တ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အေစီမီလန် ၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အိုဒီဂတ်က ဒေါင်းမန်းအနေနဲ့ စီနီယာအသင်းထံ ဂရုတစိုက်ကူးပြောင်းဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ဒေါင်းမန်းတစ်ယောက် အာတီတာရဲ့စီနီယာအသင်းမှာ ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။ အသက် ၁၅ နှစ်သားဟာ နယူးကာဆယ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် လူစားဝင်လာပြီး ပင်နယ်တီရယူပေးနိုင်ခဲ့ပါတယ်။
ပရိသတ်တွေကတော့ ဒေါင်းမန်းကစားဟန်ကို မက်ဆီနဲ့ ခိုင်းနှိုင်းမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဒီဂတ်က ဒေါင်းမန်းနဲ့ပတ်သက်ပြီး စိတ်ရှည်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ “သူ(ဒေါင်းမန်း)က ထိပ်တန်းကစားသမားတစ်ဦးပါ။ ထိပ်တန်းအရည်အချင်းရှိနေပါတယ်။ အဲ့တာကို ရာသီကြိုခရီးစဉ်မှာ လူတိုင်းမြင်နိုင်မယ်လို့ ထင်ပါတယ်။ သူ့အပေါ်မှာ ကျွန်တော်ဖိအားတွေမပေးချင်ပါဘူး။
မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သူ့ကိုယ်သူအချိန်ပေးဖို့ လိုအပ်ပါတယ်။ တိုးတက်အောင်လည်း သင်ယူရပါဦးမယ်။ လူတိုင်း သူ့အရည်အချင်းကို မြင်နိုင်ပါတယ်။ သူ့အတွက်လိုအပ်တဲ့အရာက အကူအညီပေးဖို့ပါ။ သူ့လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ဖို့ ထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်လည်း သူသေချာပေါက်ထိပ်တန်းကစားသမားကောင်းဖြစ်လာအောင် ကူညီပေးသွားမှာပါ။
ခင်ဗျားအနေနဲ့ စီနီယာကစားသမားဘဝကိုပြောင်းလဲလာချိန်မှာ ဘဝဆိုတာက တကယ့်ကိုအလျင်အမြန်ပြောင်းလဲနိုင်ပါတယ်။ ဒီမှာအတွေ့အကြုံကောင်းတွေမျှဝေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူ့ကိုသေချာလေးအာရုံစိုက်ပြီး အလုပ်ကြိုးစားပြီး ဖြစ်ချင်တာကို ဆက်လက်လုပ်ဆောင်ရပါမယ်။ လူငယ်ကစားသမားတစ်ဦးဖြစ်တာကြောင့် မျှော်လင့်ချက်တွေအများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အာရုံစိုက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ လိုအပ်ပါတယ်”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။
ဒေါင်းမန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အောင်မြင်ခဲ့တဲ့ အီသန်ဝမ်နရီ ၊ စကယ်လီတို့ခြေရာကို လိုက်နင်းမယ့် နောက်ဆုံးဟေးအန့်တ်အကယ်ဒမီထွက်ကစားသမားတစ်သီးဖြစ်ပါတယ်။ အာတီတာကတော့ အသက် ၁၅ နှစ်သားကို မိတ်ဆက်ပေးဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ဒေါင်းမန်းအနေနဲ့တော့ ပုံမှန်ကစားခွင့်ရဖွယ်မရှိပဲ ဖလားပွဲတွေမှသာ ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။