
ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်တစ်ချို့နဲ့ ချိတ်ဆက်ထားကြောင်း နေမာရဲ့ဖခင် အတည်ပြု
ဘရာဇီးကလပ် ဆန်းတို့စ်မှာကစားနေတဲ့ နေမာဂျူနီယာဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ အလားအလာရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဖခင်ဖြစ်သူကတော့ ကစားသမားကို ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်တစ်ချို့နဲ့ ချိတ်ဆက်မှုပြုလုပ်ထားကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်မှာကစားရင်း ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရတဲ့နေမာဟာ ယခုအခါမှာတော့ ငယ်ဘဝကလပ်ဆန်းတို့စ်သို့ရောက်ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက်ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။
နေမာဟာ ဆန်းတို့စ်နဲ့ ကာလတိုစာချုပ်သာချုပ်ဆိုထားခဲ့တာဖြစ်လို့ ယခုနွေရာသီကာလအတွင်း ဥရောကလပ်တစ်ချို့က ဘရာဇီးသားကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ နေမာရဲ့ဖခင်ဖြစ်သူကလည်း သူ့ရဲ့သားကို ဥရောပကလပ်တွေက ချိတ်ဆက်ထားကြောင်း အသိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။
L’Equipe နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ နေမာစီနီယာက "ကျွန်တော် စိတ်ဝင်စားစရာကောင်းတဲ့ကမ်းလှမ်းမှုမျိုးတွေ့ရှိထားပါတယ်။ ဒီအပတ်ထဲမှာပဲ ကျွန်တော်တို့ မီယာမီကိုသွားပြီး ကလပ်တွေနဲ့ ဆွေးနွေးသွားပါမယ်။ သူတို့ပြောတာတွေနားထောင်ပြီး ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်သွားပါမယ်"
"ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ဥရောပကလပ်တစ်ချို့ကလည်း သူ့ကိုချိတ်ဆက်ထားပါတယ်။ လက်ရှိသူ့ရဲ့ခြေစွမ်းအရ အခုလိုအခွင့်အရေးတွေရလာတယ်ဆိုပေမယ့် ဘရာဇီးကလပ်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်"
"ကျွန်တော်တို့ အားလုံးကိုလေ့လာသွားမှာဖြစ်ပေမယ့် တကယ်လို့သူဆန်းတို့စ်မှာဆက်နေရင်တော့ ကမ္ဘာ့ဖလားမှာပါဝင်ခွင့်ရဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားကလပ်တွေရဲ့ကမ်းလှမ်းမှုတွေကိုလည်း စောင့်ကြည့်သွားမှာပါ။ ဘယ်အသင်းမှာနေမယ်ဆိုတာကိုတော့ နေမာကပဲ ဆုံးဖြတ်ရမှာပါ"
"တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုအတွက်ပြင်ဆင်နေပြီး ကမ္ဘာ့ဖလားရရှိဖို့ ကြိုးစားသွားပါမယ်။ ကာလိုအန်ဆယ်လော့တီရောက်လာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် ဘယ်သူပဲရောက်လာရောက်လာ ကျွန်တော်တို့နဲ့တော့ တွဲဖက်ပြီးအလုပ်လုပ်သွားရမှာပါပဲ။ ကျွန်တော်ကတော့ နေမာကို ဗင်နီစီးယက်စ်၊ ရိုဒရီဂို၊ ရာဖင်ဟာတို့နဲ့အတူတူကစားနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
နေမာအနေနဲ့လည်း လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ဘရာဇီးကိုဦးဆောင်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ဘရာဇီးအသင်းအတွက် စုစုပေါင်း ၁၂၈ ပွဲကစားပြီး ၇၉ ဂိုးအထိသွင်းယူထားကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။