နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် လက်ရွေးစင်အသင်းနည်းပြတွေဆီ သတင်းစကားပါးလာတဲ့ မော်ရင်ဟို
ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုက နိုင်ငံတကာပွဲစဉ်တွေအတွက် အနားယူရမယ့်အချိန်မတိုင်ခင် လက်ရွေးစင်အဆင့်အသင်းတွေကို ကိုင်တွယ်နေတဲ့ နည်းပြတွေဆီ သတင်းစကားပေးပို့လိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို ၃-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိပြီးနောက် လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနဲ့ ရမှတ်တူ ဖြစ်လာပါတယ်။ ဒါက နိုင်ငံတကာသီတင်းပတ်အတွက် ပွဲစဉ်တွေမရပ်နားခင် ရီးရဲလ်မက်ဒရစ်ရဲ့ အခြေအနေကောင်းမွန်လာပုံ ဖြစ်ပါတယ်။
လာမယ့်နိုင်ငံတကာပွဲစဉ်တွေကိုတော့ နိုဝင်ဘာ ၉ ရက်(တနင်္လာနေ့)မှစတင်ကာ နိုဝင်ဘာ ၁၇ ရက်(အင်္ဂါနေ့)အထိ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီအချိန်မှာ ကလပ်အသင်းပွဲစဉ်တွေ နောက်တစ်ကြိမ်ရပ်နားထားရဖို့ရှိနေလို့ ကစားသမားတွေအတွက် ဒဏ်ရာရရှိနိုင်မယ့် အခွင့်အလမ်း ပိုများလာစေပါတယ်။
ဒါကြောင့် မော်ရင်ဟိုက တစ်နေ့နေ့မှာ လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူဖြစ်ရင် ကလပ်အသင်းတွေဆီ တောင်းဆိုမှုတွေ အများကြီးပြုလုပ်မိနိုင်သလို ကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေအပေါ် ကာကွယ်ပေးဖို့ အရေးကြီးပုံတွေကို ပြောပြခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြက "ကျွန်တော် အများကြီးတော့ မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တစ်နေ့နေ့မှာ လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာမလားဆိုတာ မသေချာသေးလို့ပါ။ ဒါပေမဲ့ ကျွန်တော်သာ အဲ့ဒီတာဝန်ကိုယူမယ်ဆိုရင် ကလပ်အသင်းတွေဆီ တောင်းဆိုမှုတွေ အများကြီးရှိလာပါလိမ့်မယ်။ ကျွန်တော်က ကိုယ့်အသင်းနဲ့ ကိုယ့်အကျိုးစီးပွားအတွက်ပဲ ဦးဆုံး စဉ်းစားမိပါလိမ့်မယ်။ ကစားသမားတွေ ပြန်လည်သက်သာလာအောင် ကူညီပေးတဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ဆန်ဖို့အတွက် သူတို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ကံကောင်းဖို့ပဲ မျှော်လင့်ရပါမယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ဘရာဇီးနည်းပြအန်ဆယ်လော့တီနဲ့ သူ့အကြား ဆက်ဆံရေးကိုလည်း မော်ရင်ဟိုက "ဒါကြောင့်ပဲ ကျွန်တော့်မိတ်ဆွေ အန်ဆယ်လော့တီ အပါအဝင် ဘယ်သူ့ဆီကိုမှ ဖုန်းမဆက်ချင်တာပါ။ ဒါပေမဲ့ အန်ဆယ်လော့တီရဲ့အသင်းဆီ ဘယ်သူတွေ သွားမလဲဆိုတာ ကြည့်လိုက်ပါဦး။ ဗင်နီစီးယက်စ် သေချာပေါက် ကစားပါလိမ့်မယ်၊ အန်ဒရစ်ခ်ကိုပါ အန်ဆယ်လော့တီ ထည့်သုံးပေးမယ်ဆိုရင် ကျွန်တော် ကျေးဇူးတင်မိပါလိမ့်မယ်။ အန်ဆယ်လော့တီဘက်ကို စိုးရိမ်နေတာမျိုး မဟုတ်ပေမဲ့ ကစားသမားတွေ အလွန်အကျွံအင်အားသုံးရလို့ ဒဏ်ရာရရှိသွားမယ့်အရေးကိစ္စကို သူတို့လည်း မလိုလားဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။
ခရစ္စမတ်ကာလမတိုင်ခင် ကလပ်အသင်းပွဲစဉ်တွေ ပိုမိုအရှိန်မြင့်တက်လာဖို့ရှိနေလို့ ကစားသမားတွေ ဒဏ်ရာမရရှိဘဲ ပြန်လာနိုင်ဖို့အတွက် ကလပ်အသင်းတွေ မျှော်လင့်နေကြပါတယ်။
ပြည်တွင်းလိဂ်ပွဲစဉ်တွေ၊ ဥရောပအဆင့်ပွဲစဉ်တွေနဲ့ လက်ရွေးစင်အဆင့်ပွဲစဉ်တွေကိုပါ ကစားနေရတဲ့ ကစားသမားတွေအတွက် အားအင်ဖြည့်တင်းဖို့ဆိုတာ အချိန်သိပ်မရှိပါဘူး။ ဒါပေမဲ့ မော်ရင်ဟိုအတွက် အားတက်စရာသတင်းစကားတစ်ခုအဖြစ် လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဗင်နီစီးယက်စ်က လာမယ့်နိုဝင်ဘာ ၂၁ ရက်၊ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ ရှိနေပါတယ်။