
အီဆက်ခ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တဲ့ အက်ဒီဟိုဝီ
နယူးကာဆယ်နည်းပြအက်ဒီဟိုဝီက ကလပ်အသင်းအနေဖြင့် မကြာမီကာလအတွင်း အီဆက်ခ်ရဲ့အခြေအနေကို ဖြေရှင်းပေးသွားဖို့ တောင်းဆိုခဲ့ပြီး အသင်းမှထွက်ခွာချင်နေတဲ့ တိုက်စစ်မှူးအပေါ် ဝေဖန်သွားတဲ့ ပရိသတ်တွေရဲ့အပြုအမူကိုလည်း ထောက်ခံပေးခဲ့ပါတယ်။
ဗီလာပတ်ခ်မှာကစားရတဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အပြီး ငှက်ကျားပရိသတ်တွေက အီဆက်ခ်အပေါ်မကျေမနပ်ဖြစ်နေမှုကို သံပြိုင်ဟစ်ကြွေးဖော်ပြခဲ့ကြပါတယ်။ အီဆက်ခ်ကတော့ အခုနွေရာသီ၊ နယူးကာဆယ်မှထွက်ခွာကာ လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
မျှော်လင့်ထားခဲ့သလိုပါပဲ၊ အီဆက်ခ်က ယမန်နေ့(စနေညပိုင်း)၊ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်အတွက် နယူးကာဆယ်အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ အထောင်တိုက်စစ်မှူးအဖြစ် ဂေါ်ဒွန်ပွဲထွက်ကစားတဲ့ ဗီလာပတ်ခ်ပွဲစဉ်မှာ နှစ်ဖက်ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အီဆက်ခ်ကတော့ အခုနွေရာသီကာလမှာ လီဗာပူးဆီပြောင်းရွှေ့လိုတဲ့ဆန္ဒကို ကလပ်အသင်းထံ အကြောင်းကြားခဲ့ပြီးပါပြီ။
ပွဲစဉ်အပြီး တိုက်စစ်မှူးရဲ့အပြောင်းအရွှေ့ဇာတ်လမ်းနဲ့ပတ်သက်လို့ ဟိုဝီက “ ဖြေရခက်ပါတယ်။ ကျွန်တော်တို့ဝန်းကျင်မှာ ဒီသတင်းအကြောင်းအရာတွေပဲ တချိန်လုံးရှိနေလို့ ဒါကို အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ကစားသမားတွေလည်း ဒီကိစ္စကိုမေ့ထားပြီး အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ အခုပုံစံအတိုင်းပဲ ဆက်လုပ်သွားရပါမယ်။ ကျွန်တော်တို့အပေါ် ဆိုးကျိုးမရှိစေဘဲ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းသွားရပါမယ်” လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်မှာလီဗာပူးနဲ့တွေ့ဆုံရမယ့်အလားအလာနဲ့ပတ်သက်လို့ အင်္ဂလန်သားနည်းပြက “ လီဗာပူးနဲ့ ရင်ဆိုင်ကစားရတာ အမြဲတမ်းလိုလို ခက်ခဲပါတယ်။ ဒီပွဲစဉ်နဲ့စပ်ဆက်ပြီး သမိုင်းကြောင်းတစ်ခုလည်း ရှိနေပြန်ပါတယ်။ လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ကျွန်တော်တို့စောင့်မျှော်နေပါပြီ။ သူတို့အသင်း ဘယ်လောက်အထိစွမ်းဆောင်နိုင်သလဲဆိုတာကို ကျွန်တော်တို့ သိကြပါတယ်”လို့ ပြောပါတယ်။
အစောပိုင်းကတည်းက အီဆက်ကို စိတ်အလိုမကျဖြစ်နေတဲ့ နယူးကာဆယ်ပရိသတ်တွေက ဗီလာပတ်ခ်ပွဲစဉ်အပြီး တိုက်စစ်မှူးအပေါ်ဆန့်ကျင်တဲ့ကြွေးကြော်သံတွေကို သံပြိုင်ဟစ်ကြွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရိသတ်တွေကိုကာကွယ်ပေးဖို့ ထွက်ပေါ်လာတဲ့ ဟိုဝီက “ အီဆက်ခ်နဲ့ပတ်သက်ပြီး ဘာတွေပဲ ဖြစ်နေပါစေ၊ ကျွန်တော်တို့ပရိသတ်တွေက ဒီနေ့မှာလည်း အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ သူတို့တွေက ပွဲချိန်အတွင်းမှာ အသင်းကို အပြည့်အဝအားပေးထောက်ခံခဲ့ပါတယ်။
သူတို့တွေက အမြဲတမ်းလိုလို မယုံကြည်နိုင်လောက်စရာကောင်းအောင် စွမ်းဆောင်ပေးလေ့ရှိပါတယ်။ တစ်ခုခုကိုပြောချင်တယ်ဆိုရင်လည်း သူတို့တွေမှာ လွတ်လွတ်လပ်လပ်ပြောဆိုခွင့် ရှိပါတယ်”လို့ ဆိုပါတယ်။ ငှက်ကျားတွေက အီဆက်ခ်ရဲ့နေရာအစားထိုးနိုင်ဖို့ ပီအက်စ်ဂျီရဲ့ဂွန်ကာလိုရာမို့စ်နဲ့ ဘရန့်ဖို့ဒ်ရဲ့ဝှစ်ဆာတို့ကို မျက်စိကျနေခဲ့ပါပြီ။