The network connection is lost.

Banner Image

ဘာသာစကားစွမ်းရည် ထူးချွန်ထက်မြက်မှုကြောင့် ပိုချက်တီနိုအတွက် ယူနိုက်တက်နည်းပြရာထူး ဖြစ်လာခဲ့တယ်လို့ ယုံကြည်နေတဲ့ စတီဗင်ဂျာရတ်

မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာမယ့် ပြိုင်ပွဲမှာ ပိုချက်တီနိုအတွက် အလွန်ကြီးမားတဲ့ အားသာချက်တစ်ခု ရှိခဲ့တယ်လို့ စတီဗင်ဂျာရတ် ယုံကြည်နေပါတယ်။

တော့တင်ဟမ်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ပိုချက်တီနိုက အူနိုင်းအမ်မရီ၊ အက်ဒီဟိုဝီနဲ့ ကွန်တီတို့လို နည်းပြတွေကို ကျော်ဖြတ်ကာ သရဲနီဦးဆောင်သူ ဖြစ်လာခဲ့ပြီး လီဗာပူးနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင် ဗုဒ္ဓဟူးနေ့မှာ အလုပ်တာဝန်သစ်တွေကို စတင်ထမ်းဆောင်သွားပါလိမ့်မယ်။

ယူနိုက်တက်က အဆင့် ၁၈ နေရာနဲ့အတူ တန်းဆင်းဇုန်ဆီ ကျရောက်နေချိန် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ မိုက်ကယ်ကာရစ်ရဲ့နေရာကို အာဂျင်တီးနားသားနည်းပြနဲ့ အစားထိုးလိုက်ပါတယ်။

ပိုချက်တီနိုဆီမှာ ပရီးမီးယားလိဂ်အတွေ့အကြုံ ကြွယ်၀သလို ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ယူနိုက်တက်လို အသင်းကြီးတစ်ခုကို ပြန်လည်ဦးမော့လာစေဖို့ ဘာတွေ လိုအပ်သလဲဆိုတာကိုလည်း သူ ကောင်းကောင်း သိထားပါလိမ့်မယ်။

ဒါကြောင့်လည်း ယူနိုက်တက်က သူ့ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ The Overlap အစီအစဉ်မှာတော့ စတီဗင်ဂျာရတ်က ဘာသာစကားကျွမ်းကျင်မှုကြောင့် ပိုချက်တီနိုကို သရဲနီတွေ ချဉ်းကပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်နဲ့ အီတလီ ဘာသာစကားတွေကို ပိုချက်တီနို ပြောဆိုနိုင်ပြီး အင်တာဗျူးအဆင့်မှာ ဒါက အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့တယ်လို့ ဂျာရတ်က ယူဆနေပါတယ်။

လီဗာပူးဂန္တဝင်က "စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ထပ်ထည့်ပြောစရာ အချက်တစ်ခုကတော့ မန်ချက်စတာယူနိုက်တက်ရဲ့အဓိကကစားသမားတွေကို ကြည့်မယ်ဆိုရင် တချို့တွေ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ်ဆိုတာ ကျွန်တော် သိပေမဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ ဘရူနိုဖာနန်ဒက်စ်၊ ကွန်ဟာနဲ့ အာမက်ဒီယာလိုတို့လို ကစားသမားတွေကို ပိုချက်တီနို စပိန်ဘာသာစကားနဲ့ ပြောဆိုပါလိမ့်မယ်"

"ပိုချက်တီနိုက သူ့ရဲ့မိခင်ဘာသာစကားအဖြစ် စပိန်စကားကို သဘာဝကျကျ ပြောဆိုနိုင်သလို ဆောက်သမ်တန်၊ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ အခု မန်ချက်စတာယူနိုက်တက်တို့ကို ကိုင်တွယ်ရင်း ဒီနိုင်ငံမှာ အချိန်အကြာကြီး ဖြတ်သန်းခဲ့ရမှုကြောင့် အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်"

"ဒါ့အပြင် သူ့မှာ အီတလီမျိုးရိုးလည်း ပါဝင်တာကြောင့် လုံးဝကျွမ်းကျင်စွာ မဟုတ်ရင်တောင် ဒီဘာသာစကားကိုလည်း ကောင်းကောင်း နားလည်ထားပါတယ်"

"ဒါကြောင့် အကယ်၍ သူသာ ဒီကစားသမားတွေကို အကောင်းဆုံးခြေစွမ်းဆီ ပြန်ရောက်အောင် လုပ်ပေးနိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာစေမယ်ဆိုရင် ဒါက မန်ချက်စတာယူနိုက်တက်အသင်းကြီးရဲ့အစိတ်အပိုင်းအများစုကို လွှမ်းခြုံနိုင်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက "စပိန်စကားပြောဆိုနိုင်မှုကြောင့် အထောက်အကူတွေ အများကြီး ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ မတူညီတဲ့ ဘာသာစကားတွေကို သူ ပြောဆိုနိုင်တာကပဲ အက်ဒီဟိုဝီထက် သူ့ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။