The network connection is lost.

Banner Image

အောင်ပွဲရယူလိုစိတ်တည်ဆောက်ထားဖို့ လိုအပ်ပုံကို အထူးဂရုပြုရှင်းပြလာတဲ့ ဂျာမနီနည်းပြနာဂယ်စ်မန်း

အခုညပိုင်း၊ဆန်စီရိုမှာ အီတလီနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဂျာမနီလက်ရွေးစင်အသင်းနည်းပြနာဂယ်စ်မန်းက အောင်ပွဲရယူလိုစိတ်တစ်ခုတည်ဆောက်မှုရဲ့အရေးပါပုံကို အထူးအလေးပေးပြောကြားခဲ့ပါတယ်။ အခုပွဲစဉ်က နေးရှင်းလိဂ်ကွာတားဖိုင်နယ်အဆင့်ပထမအကျော့ပွဲစဉ်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို လာမယ့်တနင်္ဂနွေနေ့၊ ဆစ်ဂနယ်အီဒူနာပတ်ခ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်သွားပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာ နာဂယ်စ်မန်းက “ ပြိုင်ဘက်တွေကို အနိုင်ယူကျော်ဖြတ်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတယ်ဆိုတာကို မကြာခဏဆိုသလို ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့က တက်နိုင်သလောက် နိုင်ပွဲတွေရရှိချင်ပြီး နေးရှင်းလိဂ်မှာလည်း ဗိုလ်စွဲချင်ပါတယ်။ ဒါပေမယ့် အီတလီမြေမှာ အရမ်းကောင်းတဲ့ပြိုင်ဘက်ကို ရင်ဆိုင်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ပထမဦးဆုံး သူတို့တွေကို ကျွန်တော်တို့ အနိုင်ယူသွားရပါမယ်။ ပြီးရင်တော့ ဆုဖလားရယူဖို့အတွက် ဖြစ်နိုင်ခြေအလားအလာတွေအကြောင်း ကျွန်တော်တို့ဆွေးနွေးနိုင်ပါပြီ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွင်း နိုင်ငံ့လက်ရွေးစင်အသင်းမှ ဝါရင့်ဂိုးသမားနူအာ အနားယူသွားပြီးနောက် ဂျာမနီလက်ရွေးစင်အသင်းအနေဖြင့် ပုံမှန်ပွဲထွက်ဂိုးသမားတစ်ဦးရှာဖွေနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ဘာစီလိုနာအတွက်ကစားပေးနေတဲ့ ဦးစားပေးဂိုးသမားတာစတီဂန် ကာလရှည်ဒဏ်ရာပြဿနာခံစားရပြီးနောက် စတုဂတ်ဂိုးသမားနူဘယ်လ်နဲ့ ဟော့ဖန်ဟိမ်းဂိုးသမားဘူမန်းတို့အတွက် လက်စွမ်းပြနိုင်ဖို့ အခွင့်အလမ်းတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ ဘူမန်းကတော့ အီတလီနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပါလိမ့်မယ်။

နာဂယ်စ်မန်းက “ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နူဘယ်လ်က အလွန်ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ တုံ့ပြန်လာခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် အလွန်အပြုသဘောဆောင်တဲ့အချက်ကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ အဆုံးမှာတော့ အတော်လေးကိုအကျပ်ရိုက်စေတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ နှစ်ဦးလုံးမှာ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုရှိထားပြီး နှစ်ဦးလုံးက တည်ငြိမ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အဆင့်အတန်းမျိုးမှာ ရှိနေပါတယ်။

ဘူမန်းက ဒီအဆင့်မျိုးမှာ နည်းနည်းလေးပိုပြီးတော့ သဟဇာတဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ တာစတီဂန်လို ထိပ်တန်းဂိုးသမားလည်း ရှိနေလို့ ဒီပွဲစဉ်နှစ်ခုလောက်အတွက်ပဲ ပွဲထွက်ခွင့်ပေးတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတာကို သူတို့နှစ်ဦးလုံးဆီ ကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။ အခုပွဲစဉ်တွေအပြီးမှာတော့ ဆုံးဖြတ်ချက်အသစ်တစ်ခု ချမှတ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

ဆန်စီရိုမှာယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် မီလန်မြို့ဆီ ဂျာမနီပရိသတ် ၃,၅၀၀ ကျော်ရောက်ရှိလာနိုင်ပြီး ဒါက အသင်းအပေါ်ထားရှိတဲ့ယုံကြည်မှုလက္ခဏာလို့ နာဂယ်စ်မန်းက ရှုမြင်ထားပါတယ်။ သူက “ဒါက လက်ရွေးစင်အသင်းအတွက် ကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခုဖြစ်ပါတယ်။ ကစားသမားတွေကလည်း ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ်ကို ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။

ကျွန်တော်ကတော့ အဲ့ဒီလိုပဲ နားလည်ထားပါတယ်။ အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်နှစ်ခုလုံးက ဆွဲဆောင်မှုတွေ ရှိနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဝေးကွင်းပွဲစဉ်အတွက် ပရိသတ် ၃,၅၀၀ ကျော် လာရောက်မယ်ဆိုရင် အသင်းအတွက် အတော်လေးအကူအညီဖြစ်စေပါလိမ့်မယ်”လို့ ဆိုပါတယ်။