The network connection is lost.

Banner Image

လီဗာပူးနဲ့ ဂျာမနီကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်အပေါ် မီဒီယာတွေရဲ့ မမျှမတဆက်ဆံပုံကို ပြစ်တင်ဝေဖန်လိုက်တဲ့ လိုသာမာသီးယက်စ်

လီဗာပူးနဲ့ ဂျာမနီကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်အတွက် ဂျာမနီမှာရော၊ အင်္ဂလန်မှာပါ မတော်မတရားဝေဖန်မှုတွေ ရှိနေတယ်လို့ ပြောဆိုရင်း လိုသာမာသီးယက်စ်က ကာကွယ်လိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ နွေရာသီကာလမှာ လေဗာကူဆင်မှ ငွေကြေးအမြောက်အများဖြင့် ပြောင်းရွှေ့လာပြီးနောက် လီဗာပူးမှာ မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရလို့ ဖလော်ရီယန်ဝစ်ဇ်က ဝေဖန်မှုတွေနဲ့ ကြီးကြီးမားမားရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ လိုသာမာသီးယက်စ်ကတော့ အန်ဖီးလ်မှာပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် အသက် ၂၃ နှစ်အရွယ်ကစားသမားအပေါ် ဂျာမနီမီဒီယာတွေရော၊ အင်္ဂလန်မီဒီယာတွေပါ အလျင်စလို ဆုံးဖြတ်နေကြတယ်လို့ ဆိုပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း ဂျာမနီအတွက်ပြသခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့စွဲမက်ဖွယ်ရာ စွမ်းဆောင်ရည်တွေအပြီး RTL/Sky နဲ့ အင်တာဗျူးမှာ မာသီးယက်စ်က "ဂျာမနီနဲ့ အင်္ဂလန်မီဒီယာတွေက ဖလော်ရီယန်ဝစ်ဇ်ကို မတော်မတရား ဆက်ဆံနေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒီဂျာမနီဂန္ထဝင်က ဖလော်ရီယန်ဝစ်ဇ်ကို ထူးချွန်သူဖြစ်ပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက် မရှိမဖြစ်လိုအပ်သူလို့ ရှုမြင်ထားပါတယ်။

"အင်္ဂလန်မှာ ကျွန်တော့်အသိမိတ်ဆွေအချို့ ရှိပြီး ဖလော်ရီယန်ဝစ်ဇ်ရဲ့အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် ပြသနေတယ်ဆိုတာ ပုံမှန်ကြားသိနေရပါတယ်။ တခါတလေ ဆားဘီးယားနဲ့ပွဲစဉ်၊ အံ့မခန်းသွင်းဂိုးလိုမျိုး ထင်ရှားပေါ်လွင်တဲ့ အခိုက်အတန့်တွေ မရှိခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လီဗာပူးမှာဆိုရင် သူက သွင်းဂိုးဖြစ်လာစေမယ့် ကစားကွက်ချိတ်ဆက်မှုတွေမှာ ပါဝင်ပတ်သက်နေပါတယ်" လို့ မာသီးယက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဆားဘီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်က ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အခုရာသီ၊ လီဗာပူးအတွက် ခြောက်ပွဲကစားပြီးချိန်အထိ သူ့ရဲ့သွင်းဂိုးတွေကိုတော့ မမြင်တွေ့ခဲ့ရသေးပါဘူး။