The network connection is lost.

Banner Image

ဂျာမနီအသင်းအတွက် ကဏ္ဍစုံ တိုးတက်လာဖို့ လိုအပ်နေပါသေးတယ်လို့ ဝန်ခံလိုက်တဲ့ အသင်းခေါင်းဆောင်ကင်မစ်ချ်

အော့စ်ဘတ်မြို့မှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂရိကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နူဘယ်လ်နဲ့  ကင်မစ်ချ်တို့က ဂျာမနီအသင်းအတွက် ပိုမိုတိုးတက်လာအောင် လုပ်ဆောင်သွားကြဖို့ အသင်းဖော်တွေဆီ တိုက်တွန်းပြောကြားခဲ့ပါတယ်။

တာစတီဂန်နေရာမှာ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခဲ့တဲ့ နူဘယ်လ်က ဂျာမနီအသင်းရဲ့ အခွင့်အရေးကောင်းဖန်တီးနိုင်စွမ်း အားနည်းနေမှုကို ထောက်ပြခဲ့ပါတယ်။ "ကျွန်တော်တို့ အခွင့်အရေး တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ဖန်တီးနိုင်ခဲ့ပြီး အဲဒါတွေကလည်း ပင်နယ်တီဧရိယာ အပြင်ဘက်ချည်းပါပဲ။ ဧရိယာထဲမှာဆိုရင် ဘာအခွင့်အရေးမှ မရခဲ့ပါဘူး။ ဒါက လုံလောက်မှု မရှိပါဘူး။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ဘက်က လုံလောက်တဲ့ အခွင့်အရေးဖန်တီးမှုတွေနဲ့ ဂိုးကန်သွင်းမှုတွေ မလုပ်နိုင်ခဲ့တာပါပဲ" လို့ ဂိုးသမားက ပြောပါတယ်။

ဒါ့အပြင် နူဘယ်လ်က ပြင်ဆင်ချိန်နည်းပါးခဲ့တာနဲ့ ကလော့ပ် မိတ်ဆက်ပေးထားတဲ့ နည်းဗျူဟာပိုင်း အတွေးအခေါ်သစ် အများအပြားရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ "ဒီသီတင်းပတ်ထဲမှာ အတွေးအခေါ်တွေ၊ ပွဲအတွက် အစီအစဉ်သစ်တွေ အများကြီးနဲ့အတူ ကျွန်တော်တို့ဆီ အရာအားလုံး တစ်ပြိုင်နက် ရောက်လာခဲ့ပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ အရည်အသွေးတွေကို ပိုမိုပြသဖို့နဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းနိုင်ဖို့ နောက်ထပ်နှစ်ပွဲ ကျန်ပါသေးတယ်" လို့ နူဘယ်လ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အလားတူ ကင်မစ်ချ်ကလည်း ဂျာမနီရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ဝေဖန်ခဲ့သလို ရက်စက်လွန်းတဲ့ရလဒ်ပိုင်းလို့လည်း ယူဆနေခဲ့ပါတယ်။ "ကျွန်တော်တို့ဘက်က စွမ်းဆောင်ရည်ကောင်း မပြနိုင်ခဲ့ပါဘူး။ အဆုံးမှာ ရှုံးနိမ့်သွားခဲ့ရတယ်ဆိုတာ ကံဆိုးမှုသာဖြစ်ပြီး ဒီလိုမရှုံးနိမ့်သင့်ပါဘူး" လို့ အသင်းခေါင်းဆောင်က ပြောပါတယ်။ "ဂရိရဲ့ အထပ်ထပ်ပိတ်ဆို့ထားတဲ့ ခံစစ်ကို ရင်ဆိုင်ရချိန် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမဲ့ သူတို့ဘက်မှာလည်း အခွင့်အရေးတွေ အများကြီးရခဲ့တာ မဟုတ်ပါဘူး။ ဂိုးမရှိသရေရလဒ်သာ ပိုထိုက်တန်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဂျာမနီရဲ့ကစားပုံချဉ်းကပ်မှုနဲ့ နှိုင်းယှဉ်ရင် ကလော့ပ်ကိုယ်တိုင် မတူညီတဲ့ကစားဟန်ပုံစံသစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း ကင်မစ်ခ်က အလေးပေးပြောဆိုခဲ့ပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့ကစားချင်ခဲ့တဲ့ပုံစံနဲ့ မတူညီတဲ့ ကစားဟန်တစ်ခုပါ။ ဒါပေမဲ့ တိုက်စစ်ဆင်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က တီထွင်ဖန်တီးနိုင်စွမ်း လုံလုံလောက်လောက် မရှိသေးပါဘူး" လို့ သူက ပြောပါတယ်။

စိတ်ပျက်စရာကောင်းတဲ့ရလဒ် ထွက်ပေါ်ခဲ့ပေမဲ့လည်း ကလော့ပ်ရဲ့ အတွေးအခေါ်တွေ အလုပ်ဖြစ်လာလိမ့်မယ်လို့ ကင်မစ်ချ်က ယုံကြည်နေပါတယ်။

"ကျွန်တော်တို့ နေရာစုံမှာ ပိုကောင်းအောင် လုပ်ဆောင်ရပါမယ်။ နည်းပြရဲ့ အတွေးအခေါ်တွေကို ပိုမိုနားလည်ဖို့နဲ့ ပိုကောင်းကောင်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။ သူက ကျွန်တော်တို့ကို အများကြီးကူညီပေးနေပြီး သူ့ရဲ့အတွေးအခေါ်တွေလည်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ နေ့ချင်းညချင်းတော့ ဖြစ်မလာနိုင်ပါဘူး" လို့ ကင်မစ်ချ်က ဆိုပါတယ်။