The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဂရီးလစ်ရှ်ကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာတဲ့ မိုယက်စ်

အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က ဗုဒ္ဓဟူးနေ့နံနက်က ဘုန်းမောက်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်ကို ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လမှာ မန်စီးတီးမှထွက်ခွာပြီး အဲဗာတန်သို့ တစ်ရာသီအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ ဂရီးလစ်ရှ်ဟာ ရာသီအစမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မကြာသေးမီက ခြေစွမ်းကျဆင်းလာတာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးမှာ နည်းပြပက်ဂွါဒီယိုလာရဲ့မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ ဂရီးလစ်ရှ်ဟာ လက်ရှိအဲဗာတန်မှာလည်း ၁၄ ပွဲကစားပြီးချိန် ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

ယခုဘုန်းမောက်နဲ့ပွဲမှာရရှိခဲ့တဲ့သွင်းဂိုးကလည်း သူနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်ခဲ့တာကြောင့် နည်းပြဒေးဗစ်မိုယက်စ်က ဘုန်းမောက်ကစားသမား ဒိုင်ယာကီတေးအနေနဲ့ ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်ခဲ့တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။  မိုယက်စ်က "ဂျက်ခ်ဂရီးလစ်ရှ်အတွက် အခုချိန်မှာအရေးကြီးဆုံးက အချိန်များများကစားရဖို့ပါပဲ။ ဂိုးဖန်တီးတာပဲဖြစ်ဖြစ်၊ ဂိုးသွင်းတာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက်သူအကောင်းဆုံးလုပ်ဆောင်ပေးနေပါတယ်။ သူ့အနေနဲ့ ပိုကောင်းအောင်ကစားနိုင်မယ့်ပွဲစဉ်အချို့ရှိခဲ့ပေမယ့် ပွဲစဉ်တိုင်းမှာ သူတတ်နိုင်သလောက်ကူညီပေးနေပါတယ်"

"ပရိသတ်တွေအနေနဲ့လည်း သူ့ရဲ့လုပ်ဆောင်ပုံတွေနဲ့ စိတ်နေစိတ်ထားတွေကြောင့် သဘောကျကြမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့သူ့ကို ဂိုးတွေပိုသွင်းစေချင်ပါတယ်။ ဂိုးဖန်တီးမှုတွေက အရမ်းကောင်းတယ်ဆိုတာ သူ့ကိုပြောပေမယ့် ဂိုးသွင်းဖို့လည်းပြောထားပါတယ်။ အခုဘုန်းမောက်နဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးနဲ့ပတ်သက်ပြီးတော့ ဒီဂိုးကို OG လို့သတ်မှတ်မှာမဟုတ်လို့ မစိုးရိမ်နဲ့လို့ သူ့ကိုနောက်ပြောင်ခဲ့ပါသေးတယ်။ ဂရီးလစ်ရှ်ကအသင်းအတွက်အရမ်းအရေးပါတဲ့ကစားသမားဖြစ်ပြီး ကျွန်တော်တို့ပိုကောင်းလာအောင်ကူညီပေးနေပါတယ်" လို့ပြောကြားခဲ့ပါ့တယ်။ 

ဂရီးလစ်ရှ်ဟာ ၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာမှ မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်သားဟာ ဒဏ်ရာပြဿနာတွေနဲ့ ညဘက်ပါတီပွဲတွေတက်ရောက်တဲ့သတင်းတွေကြောင့် ခြေစွမ်းကောင်းကိုထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိဘဲ ယခုအခါမှာ အီတီဟတ်ကနေ ထွက်ခွာလာခဲ့ရတာဖြစ်ပါတယ်။ 

ခြေစွမ်းတည်ငြိမ်မှုမရှိသေးပေမယ့် နည်းပြမိုယက်စ်နဲ့ ဆက်ဆံရေးကောင်းမွန်နေတာကြောင့် အဲဗာတန်မှာပျော်ရွှင်နေကြောင်းကို ဂရီးလစ်ရှ်က "ကျွန်တော်ဒီရာသီမှာ အသင်းအတွက် ၂ ဂိုးသွင်းထားပါတယ်။ တစ်ဂိုးက ဖြတ်ထုတ်မှုကနေ သွင်းခဲ့တာဖြစ်ပြီး၊ ဒီနေ့ဂိုးကတော့ လမ်းကြောင်းပြောင်းပြီးဝင်သွားတာပါ။ ဒါပေမယ့် ဂိုးမသွင်းနိုင်လို့ နှစ်ပေါင်းများစွာဝေဖန်ခံထားရလို့ ဒီ ၂ ဂိုးစလုံးက ကျွန်တော့်အတွက် တန်ဖိုးရှိပါတယ်။ အသင်းကိုကူညီနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ အဲဗာတန်က အံ့မခန်းအသင်းတစ်သင်းပါ"

"ကျွန်တော် နည်းပြကိုအရမ်းသဘောကျပါတယ်။ သူနဲ့လူချင်းသိတာ လအနည်းငယ်ပဲရှိသေးပေမယ့် သူ့ကိုချီးကျူးစရာတွေအများကြီးရှိခဲ့ပါတယ်။ သူ့အတွက်ကစားပေးချင်စိတ်ရှိဖို့အတွက် သူ့ရဲ့စည်းရုံးသိမ်းသွင်းနိုင်မှုတွေက ချီးကျူးစရာပါ။ သူ့ကိုအရမ်းအထင်ကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။