
The network connection is lost.

ဖီနာဘာချီနည်းပြသစ် ဟိုဆေးမော်ရင်ဟိုက သူ့ရဲ့နည်းပြဘဝမှာ တွေ့ကြုံခဲ့ရဖူးတဲ့ အတွေ့အကြုံတွေနဲ့ နည်းပြသက်တမ်းတစ်လျှောက် အမြဲတမ်းခေါ်ယူချင်ခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပေါ်တူဂီသား ဂန္ထဝင်နည်းပြကို နည်းပြဘဝ လျှို့ဝှက်ချက်တွေမေးမြန်းခဲ့ပြီး မော်ရင်ဟိုကလည်း ချဲလ်ဆီးအဝတ်လဲခန်းထဲမှာ ခြေထောက်ကျိုးလုပ်မတတ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပါအဝင် လျှို့ဝှက်ချက်အချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ဆန္ဒရှိခဲ့ပြီး မခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုက “ကျွန်တော်အကြိုက်ဆုံး အဝတ်လဲခန်းထဲက အဖြစ်အပျက်ကတော့ ချဲလ်ဆီးမှာဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော် အနှိပ်ခံတဲ့စားပွဲကို ကန်ဖို့ကြိုးစားခဲ့ပေမယ့် အခြားတစ်ခုခုကို ကန်ခဲ့မိပြီး ခြေထောက်ကျိုးလုမတတ်ဖြစ်ခဲ့ရပါတယ်(ရယ်လျက်)”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားက “ကျွန်တော်တစ်ခါမှ မခေါ်ယူနိုင်ခဲ့ပေမယ့် ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတစ်ယောက်ကတော့ မက်ဆီလို့ ပြောရမှာပါပဲ။ သူ့ကို ဆရာလုပ်ဖို့က မဖြစ်နိုင်ပေမယ့် ကျွန်တော်တို့မျိုးဆက်မှာတော့ သူက အကောင်းဆုံးကစားသမားပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ခရစ္စတီယာနိုရော်နယ်ဒိုကို နည်းပြခဲ့ဖူးပေမယ့် မက်ဆီကို အကြိမ်ကြိမ် ချီးကျူးခဲ့ဖူးတဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တုန်းက မော်ရင်ဟိုဟာ အာဂျင်တီးနားသားနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ဘာစီလိုနာရော၊ မက်ဆီကိုပါအနိုင်ယူပြီး လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရိုးမားအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကာလအတန်ကြာအသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာတော့ တူရကီကလပ် ဖီနာဘာချီနဲ့ စာချုပ် ချုပ်ဆိုထားတာကြောင့် ဘောလုံးအပေါ်မှာ ပြန်လည်အာရုံစိုက်သွားရတော့မှာ ဖြစ်ပါတယ်။