သူ့ရဲ့ကစားသမားဘဝအတွက် လွှမ်းမိုးမှုအရှိဆုံး ကစားသမားနာမည်တွေကို ဖွင့်ဟလာတဲ့ ရော်ဂျာ
အက်စတွန်ဗီလာတိုက်စစ်ကြယ်ပွင့် မော်ဂန်ရော်ဂျာက သူ့ရဲ့ကစားသမားဘဝအတွက် လွှမ်းမိုးမှုအရှိဆုံးနဲ့ တွန်းအားအပေးနိုင်ဆုံး ကစားသမားတွေရဲ့အမည်ကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ် ရော်ဂျာဟာ ဒီရာသီမှာ အက်စတွန်ဗီလာအတွက်အထူးခြေစွမ်းပြသနေပြီး အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်နေသလို၊ အသင်းကိုလည်း အမှတ်ပေးဇယား အဆင့် ၃ နေရာမှာရပ်တည်စေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ရပ်ဖန်တီးပေးထားနိုင်ပါတယ်။
ပီအက်ဖ်အေ လူငယ်ကစားသမားဆုကို ဆွတ်ခူးထားတဲ့ရော်ဂျာဟာ အက်စတွန်ဗီလာသို့ပြောင်းရွှေ့လာပြီးကတည်းက ထိပ်တန်းခြေစွမ်းကိုပြသနေတာကြောင့် လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် ရော်ဂျာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သောမတ်စ်တူချယ်လ်ရဲ့အင်္ဂလန်အသင်းမှာရွေးချယ်ခံရဖို့လည်း အလားအလာရှိနေတာဖြစ်ပါတယ်။
ယခုအခါမှာ ရော်ဂျာက "ကျွန်တော်က ရော်နယ်ဒိုကိုကြည့်ပြီး ကြီးပြင်းလာရသူပါ။ သူ ပထမအကြိမ်ပရီးမီးယားလိဂ်မှာကစားတဲ့ပုံစက အရင်က ဘယ်ကစားသမားဆီကမှ မမြင်ဖူးခဲ့ပါဘူး။ သူ့ရဲ့လွတ်လပ်တဲ့ကစားဟန်ကို ကျွန်တော်အရမ်းသဘောကျပါတယ်။ သူ့ရဲ့ ဘယ်လိုအခြေအနေမျိုးမဆို လက်မလျှော့ဘဲ ဘာကိုမှဂရုမစိုက်တတ်တဲ့ပုံစံကို သဘောကျတာပါ"
"ကျွန်တော် ပေါ့ဂ်ဘာတို့ ယာယာတိုရေးတို့လို အရပ်အမောင်းရှည်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ ကွင်းလယ်လူတွေကိုလည်း သဘောကျပါတယ်။ သူတို့က ကျွန်တော်နဲ့ကစားဟန်ဆင်တူပြီး သူတို့ ဘယ်လိုကစားတယ်ဆိုတာကို လေ့လာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့လောက်တော့ အရည်အချင်းမရှိသေးပါဘူးး" လို့ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ စွယ်စုံရကစားဟန်က တူချယ်လ်ရဲ့အင်္ဂလန်အသင်းအတွက်အသုံးဝင်နိုင်ကြောင်းကိုလည်း အင်္ဂလန်သားက "ကျွန်တော့်မှာ အခြားသူတွေနဲ့မတူတဲ့ ကစားဟန်ရှိတယ်လို့ထင်ပါတယ်။ နံပါတ် ၁၀ နေရာ ဒါမှမဟုတ်၊ တောင်ပံကစားသမားနေရာ တိုက်စစ်မှူးနေရာတွေအထိ ကစားနိုင်ပါတယ်။ အခြားကစားသမားတွေ မပေးနိုင်တဲ့ အရာတွေကိုလည်း ကျွန်တော့်မှာ ပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။