
၀က်စ်ဟမ်းကိုအရေးနိမ့်ပြီးနောက် မိမိမှာသာ တာဝန်ရှိကြောင်း အာတီတာ ထုတ်ဖော်ပြောကြား
အာဆင်နယ်နည်းပြ အာတီတာက ဝက်စ်ဟမ်းကိုအရေးနိမ့်ခဲ့ပြီးနောက် အဆိုပါအရေးနိမ့်မှုအတွက် မိမိမှာသာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ဘိုဝင်ရဲ့ပထမပိုင်းသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး လီဗာပူးက မန်စီးတီးနဲ့မကန်ခင် ၈ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။
အာတီတာအနေနဲ့ အဓိကကစားသမားတော်တော်များများဒဏ်ရာရရှိနေတာကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါအခြေအနေကို သူ့အနေနဲ့ ဆင်ခြေမပေးပဲ ရှုံးပွဲအတွက် တာဝန်အပြည့်အဝယူခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဒေါသထွက်ရပါမယ်။ အရမ်းကိုမှာ ဒေါသထွက်ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီနေ့မှာ အဆင့်အတန်းတစ်ခုကိုမပြသနိုင်ပါဘူး။
ဒီနေ့ပွဲရလဒ်အတွက် ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ကျွန်တော် အရမ်းဒေါသထွက်မိပါတယ်။ ဒဏ်ရာပြဿနာကို ထောက်ပြဖို့ ငြင်းဆန်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ ကျွန်တော်တို့အသင်းကစားခဲ့တဲ့အဆင့်အတန်းအကြောင်းပြောနေတာပါ။ကျွန်တော်အပါအဝင် ဒီနေ့အသင်းကစားသမားတွေရဲ့အဆင့်အတန်းက တော်တော်လေးဆိုးဝါးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင် အခုလိုမျိုးခြေစွမ်းနဲ့ မရပါဘူး။ကျွန်တော်တို့ အရမ်းတည်ငြိမ်ဖို့ လိုအပ်သလို ဒီနေ့ပွဲအကြောင်းပြောဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲခြေစွမ်းက အနိုင်ရဖို့ နည်းနည်းလေးတောင် မနီးစပ်ပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးအသင်းအနိုင်ရဖို့ မျှော်လင့်ရမှာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ နော်တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် မတ်လ ၄ ရက်နေ့မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲအဖြစ် ပီအက်စ်ဗွီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။