နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးရဲ့ အရှိန်အဟုန်အားနည်းမှုကို မာရက်စ်ကာ ထောက်ပြဝေဖန်
နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်မှုမှာ သူ့အသင်းရဲ့အရှိန်အဟုန်အားနည်းမှု ပါဝင်တယ်လို့ မန်စီးတီးနည်းပြမာရက်စ်ကာက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
မာရက်စ်ကာက မန်ချက်စတာစီးတီးနည်းပြအဖြစ် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ခုနစ်ပွဲဆက် အနိုင်ရရှိခဲ့ပေမဲ့ အခုတော့ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့မှုကြောင့် မန်စီးတီးအတွက် ဆယ်စုနှစ်တာကာလအတွင်း ဒုတိယမြောက် ပရီးမီးယားလိဂ်သုံးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းဆိုး ဖြစ်လာပါတယ်။
လတ်တလောမှာ မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်နဲ့ ခြောက်မှတ်အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံချိန် မာရက်စ်ကာက "ဒါ တော်တော်လေး ရှင်းလင်းပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ အရှိန်အဟုန်ကို မလိုက်မီခဲ့သလို တစ်ဦးချင်းယှဉ်ပြိုင်မှုတွေ ဒါမှမဟုတ် second balls တွေမှာလည်း အနိုင်မရခဲ့ပါဘူး"
"ဒီလိုပွဲစဉ်မျိုးတွေမှာ ကနဦးလိုအပ်တဲ့အရာက အရှိန်အဟုန်ပြင်းပြင်းကစားနိုင်ဖို့ပါပဲ။ ၂-၀ ဖြစ်သွားချိန်မှ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်နှောင်းသွားခဲ့ပါပြီ။ ကျွန်တော်တို့ တစ်ဂိုး ပြန်သွင်းနိုင်ခဲ့တယ်။ ဒီထက်လည်း ပိုသွင်းယူနိုင်သင့်ပေမဲ့ ခံစစ်တိုက်စစ်အကူးအပြောင်းမှာ ပြိုင်ဘက်ဆီ နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရပါတယ်" လို့ ပြောပါတယ်။
အရှိန်အဟုန် ဘာကြောင့်ကျဆင်းခဲ့ရသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ မန်စီးတီးနည်းပြက "ဒါကို ကျွန်တော် သုံးသပ်ရပါလိမ့်မယ်။ ဒီနေ့ပွဲစဉ်ပထမပိုင်းပွဲချိန်တွေဆိုတာ အရှိန်အဟုန်ပိုင်းအားနည်းခဲ့တဲ့ ပထမဆုံးပွဲစဉ်တောင် ဖြစ်နိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပိုကောင်းခဲ့ပါတယ်။ အရင်က အခုလိုမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးလို့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ နားလည်အောင် လုပ်သွားရပါမယ်။ နောက်တစ်ကြိမ် ထပ်မဖြစ်အောင်လည်း ဂရုစိုက်သွားရပါမယ်"
"ပထမဂိုးကတော့ ကျွန်တော်တို့ကစားချင်တဲ့ပုံစံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပါပဲ။ ကျွန်တော်တို့က ခံစစ်မှတဆင့် ကစားကွက်တည်ဆောက်ချင်လို့ ဒါမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒုတိယဂိုးနဲ့ တတိယဂိုးကတော့ အတော်လေးဆင်တူပါတယ်။ ကျွန်တော်တို့တွေ ဘောလုံးလုယူမှုအပိုင်းမှာ အရေးနိမ့်ခဲ့ပြီး ခံစစ်တိုက်စစ်အကူးအပြောင်းမှာ ဂိုးပေးလိုက်ရပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့မှာ ပေးဂိုးတွေ အရမ်းများနေပြီး ဒါကို ပြုပြင်သွားဖို့ လိုအပ်ပါတယ်" လို့ ရှင်းပြပါတယ်။
ပြုပြင်ပြောင်းလဲသွားမယ့်ပုံစံနဲ့ပတ်သက်လို့ မာရက်စ်ကာက "ဘာကြောင့်လဲဆိုတာကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ဖို့နဲ့ အနာဂတ်မှာ ဒါမျိုးရှောင်လွှဲနိုင်ဖို့အတွက် နိုင်ငံတကာသီတင်းပတ်ကို အသုံးချရပါမယ်"
"ရှုံးနိမ့်မှုတွေနဲ့ပတ်သက်လို့ အမြဲတမ်း စိုးရိမ်ပူပန်မိပေမဲ့ ကျွန်တော်တို့ဆီမှာ ဟန်ချက်ညီမှု လိုအပ်ပါတယ်။ ခုနစ်ပွဲဆက် အနိုင်ရရှိခဲ့တာတွေ ရှိခဲ့သလို အခုလို သုံးပွဲဆက်ရှုံးနိမ့်မှုလည်း ဖြစ်လာခဲ့ပါပြီ။ ဟန်ချက်ညီမှုကို ထိန်းညှိသွားဖို့ လိုအပ်ပါတယ်"
"ထိတ်လန့်တကြား မဖြစ်ကြပါနဲ့။ ဘာကြောင့်လဲဆိုတာကို နားလည်အောင် လုပ်ဖို့လိုပေမဲ့ ထိတ်လန့်တကြားဖြစ်ဖို့အထိ မလိုပါဘူး" လို့ ဆိုပါတယ်။