
နွေရာသီဈေးကွက်မတိုင်ခင် အသင်းမှထွက်ခွာမယ့် ကစားသမားလေးဦးကို အတည်ပြုကြေညာခဲ့တဲ့ အာတီတာ
အသင်းလူစာရင်းမှထွက်ခွာမယ့် ကစားသမားလေးဦးကို အတည်ပြုကြေညာပြီးနောက် အာတီတာက အာဆင်နယ်အသင်းရဲ့နွေရာသီကာလပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေကို ချက်ချင်းစတင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ဂန်းနားတွေက ဆောက်သမ်တန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ အခုဘောလုံးရာသီကို ပိတ်သိမ်းပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲနောက်ဆုံးသုံးကြိမ်ဆက် ဒုတိယနေရာမှာရပ်တည်တဲ့ကလပ်အသင်း ဖြစ်လာပါတယ်။ အာဆင်နယ်အနေဖြင့် အာတီတာလက်အောက် အခုလိုသောင်မတင်ရေမကျဖြစ်နေမှုအပေါ် အဆုံးသတ်ချင်တယ်ဆိုရင် နွေရာသီဈေးကွက်မှာ အလုပ်တွေ အများကြီးလုပ်သွားရပါလိမ့်မယ်။
အခုဘောလုံးရာသီအတွင်း ဆာကာ၊ ဂျီးဆပ်စ်၊ ကိုင်ဟားဗက်ဇ်တို့ရဲ့ဒဏ်ရာပြဿနာတွေ ပေါ်ပေါက်လာပြီးနောက် ဂန်းနားတွေရဲ့တိုက်စစ်ပိုင်း အတော်လေးအားနည်းသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူတို့တွေက နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အသင်းမှာ ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမားမရှိတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်သွားပါတယ်။
အာတီတာကိုယ်တိုင်လည်း တနင်္ဂနွေနေ့၊ စိန့်မေရီကွင်းပွဲစဉ်မှာ မထင်မှတ်ထားတဲ့ ဂိုးသွင်းရှင်တစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ ကလပ်အသင်းအတွက် နောက်ဆုံးပါဝင်ကစားတဲ့ပွဲစဉ်မှာ ရှားပါးတိုက်စစ်အခွင့်အရေးတစ်ကြိမ်မှတဆင့် သွင်းဂိုးအဖြစ်ပြောင်းလဲယူနိုင်ခဲ့တဲ့ ဘယ်အစွန်နောက်ခံလူ တီယာနေးပဲ ဖြစ်ပါတယ်။
စကော့တလန်လက်ရွေးစင်က သူ့ရဲ့ကလပ်အသင်းဟောင်းဆဲလ်တစ်ဆီ ပြန်ပြောင်းရွှေ့ဖွယ်ရှိပြီး ဂျော်ဂျင်ဟိုအပါအဝင် အငှားဖြင့်ခေါ်ယူထားတဲ့ စတာလင်၊ ဂိုးသမားနီတိုတို့လည်း အသင်းမှထွက်ခွာဖွယ် ရှိပါတယ်။ မာတင်အိုဒီဂတ်ရဲ့နောက်ကျအနိုင်ဂိုးသွင်းယူမှုအပြီး အာတီတာက “ အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ ကောင်းမွန်တဲ့ခံစားချက်တစ်ခု၊ ကောင်းမွန်တဲ့ဆက်သွယ်မှုတစ်ခုနဲ့အတူ အပြုံးပန်းတွေဖူးဝေနေမယ့် မျက်နှာတွေကို မြင်ကြည့်ရင်း လာမယ့်အားလပ်ရက်တွေကို ဖြတ်သန်းသွားချင်ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရရှိဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အသင်းမှထွက်ခွာတော့မယ့်ကစားသမားတွေကို နိုင်ပွဲနဲ့အတူ ပံ့ပိုးကူညီပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်းပြောဆိုရင်း နှုတ်ဆက်ချင်ပါတယ်။ အချို့ဆိုရင် တီယာနေးလိုပဲ ကျွန်တော်တို့နဲ့အတူ ဒီခရီးလမ်းကို ခြောက်နှစ်ကြာလျှောက်လှမ်းလာသူတွေ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟို၊ နီတိုနဲ့ စတာလင်တို့ကိုလည်း ပွေ့ဖက်နှုတ်ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ကျေးဇူးတင်စကားပြောရမယ့် ကစားသမားအချို့ ရှိပါတယ်။ ကျွန်တော်တို့အားလုံး သူတို့တွေအတွက် လာမယ့်ဘောလုံးရာသီမှာ အကောင်းဆုံးဖြစ်လာစေဖို့ ဆုတောင်းပေးနေမယ်လို့ ထင်ပါတယ်။မနေ့တုန်းကတောင် တီယာနေးက သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ ဂိုးသွင်းယူမယ်လို့ ပြောခဲ့ပါသေးတယ်။ သူ အဲ့ဒီအတိုင်း သေချာပေါက်လုပ်နိုင်ခဲ့ပါတယ်။
အခုတော့ ခွန်အားတွေ ဖြည့်တင်းရင်း ပြန်လည်သုံးသပ်ရမယ့်၊ ပြန်လည်ချိန်ညှိသွားရမယ့် အချိန်တစ်ခုဆီ ရောက်ရှိလာပါပြီ။ အတော်လေးကို တောင်းဆိုမှုများပြားတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံးကို ပင်ပန်းနွမ်းလျစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာရှိနေတဲ့ ဓလေ့စရိုက်နဲ့ စိတ်ဓါတ်ပိုင်းက ကျွန်တော်တို့ရရှိထားတဲ့ အမြင့်ဆုံးအဆင့်အရင်းအမြစ်တွေနဲ့အတူ နောက်ဆုံးနေ့အထိ စွမ်းဆောင်သွားနိုင်ဖို့ ထိန်းသိမ်းပေးခဲ့တယ်လို့ ထင်ပါတယ်။ ဒါက အသိအမှတ်ပြုစရာဖြစ်ပါတယ်”လို့ ပြောပါတယ်။