
မူဒရစ်ခ်နေရာမှာ ကစားသမားသစ်အစားထိုးဖို့ရှိမရှိ မာရက်စ်ကာ ဖြေရှင်း
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးကစားခွင့်မှ ကာလရှည်ပိတ်ပင်ခံရနိုင်တဲ့ အသင်းရဲ့တောင်ပံကစားသမား မူဒရစ်ခ်နေရာမှာ ကစားသမားသစ်အစားထိုးခေါ်ယူသွားမှာလားဆိုတဲ့မေးခွန်းကို ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။
မူဒရစ်ခ်ဟာ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ယခုအခါမှာ ဖီဖာရဲ့ဆုံးဖြတ်ချက်အတိုင်း ဘောလုံးကစားခွင့်မှာ ကာလရှည်ပိတ်ပင်ခံရဖို့သေချာသလောက်ဖြစ်နေပါတယ်။ သို့သော်လည်း မာရက်စ်ကာက အခုလို မူဒရစ်ခ်ရဲ့ပြဿနာဟာ အသင်းရဲ့ကစားသမားအပြောင်းအရွှေ့လုပ်ငန်းစဉ်တွေအပေါ်မှာ သက်ရောက်မှုရှိမှာမဟုတ်ကြောင်းနဲ့ ကစားသမားတွေကို ပုံမှန်အတိုင်းပဲ ဆက်လက်ခေါ်ယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ ဒေါ့မွန်ကြယ်ပွင့် ဂျေမီဂစ်တန်စ်နဲ့ဘရိုက်တန်တောင်ပံကစားသမား ဂျာအိုပက်ဒရိုတို့ကို ချိတ်ဆက်နေတာဖြစ်ပါတယ်။ မာရက်စ်ကာက "ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာလည်း တစ်ရာသီလုံးလိုလို မူဒရစ်ခ်ကို လက်လွှတ်ထားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျော့ဂျ်လို အကယ်ဒမီလူငယ်ကစားသမားလေးတွေကို အသုံးပြုပြီး အဖြေရှာခဲ့ပါတယ်"
"ဒါပေမယ့် ကျွန်တော်တို့အခု တောင်ပံကစားသမားတွေကိုချိတ်ဆက်နေတာက မူဒရစ်ခ်ကြောင့်မဟုတ်ပါဘူး။ သူပြန်လာသည်ဖြစ်စေ၊ ပြန်မလာသည်ဖြစ်စေ ကျွန်တော်တို့က ပုံမှန်အတိုင်းပဲ အပြောင်းအရွှေ့တွေလုပ်သွားမှာပါ။ လောလောဆယ်အသင်းမှာ မာဒူကီနဲ့ နက်တိုတို့ရှိနေပါတယ်။ ဒီရာသီအတွင်း အခြားကစားသမားတွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားသွားပါမယ်။ သေချာတာကတော့ တောင်ပံနေရာက ကျွန်တော်တို့တိုးတက်ဖို့လိုနေတဲ့နေရာပါ" လို့ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာပဲ ဒေါ့မွန်တောင်ပံကစားသမား ဂစ်တန်စ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေအပြင်းအထန်ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က ကမ်းလှမ်းမှုတွေကိုပယ်ချထားခဲ့တာကြောင့် ပြိုင်ပွဲပြီးမှသာ အပြောင်းအရွှေ့ကို ပြန်လည်အာရုံစိုက်လာဖို့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးဟာ ဘရိုက်တန်ကြယ်ပွင့် ပက်ဒရိုကိုလည်း ယခုနွေရာသီအတွင်းမှာပဲခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
မူဒရစ်ခ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး လောလောဆယ်မှာတော့ ချဲလ်ဆီးဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးသလို အက်ဖ်အေအနေနဲ့လည်း ပြစ်ဒဏ်ချမှတ်ရခြင်းမရှိသေးဘဲ အမှုကိုဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။ သို့သော်လည်း မာရက်စ်ကာရဲ့ပြောကြားချက်အရ ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်မှာတော့ နဂိုချမှတ်ထားတဲ့ အစီအစဉ်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိပါတယ်။