ဆောက်သမ်တန်နဲ့ ရွိုင်ရယ်အန့်တ်ဝပ် ကစားသမားဟောင်း ဗစ်တာယူဒို အသက် ၂၁ နှစ်အရွယ်မှာ ကွယ်လွန်
အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းဟာ သူတို့ရဲ့ အကယ်ဒမီကစားသမားဟောင်း ဗစ်တာယူဒို ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းစကားတွေ ပြောကြားပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
အသက် ၂၁ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား ယူဒိုဟာ လက်ရှိမှာ ချက်ဒုတိယတန်းကလပ် ဒိုင်နမိုဆက်စကေးဘူဒီဂျိုဗိုက်စ်အသင်းမှာ ကစားနေသူဖြစ်ပြီး ၂၀၂၅-၂၆ ရာသီအပြီး အားလပ်ရက်အပန်းဖြေဖို့ အဘူဂျာမြို့ကို ရောက်ရှိနေစဉ်မှာ အင်္ဂါနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းကို အတိအကျ အတည်မပြုနိုင်သေးပေမဲ့ သူဟာ အစာအဆိပ်သင့်တာ ဒါမှမဟုတ် အရက်အဆိပ်သင့်တာကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ မီဒီယာအသီးသီးမှာ ခန့်မှန်းဖော်ပြနေကြပါတယ်။
ယူဒို ကွယ်လွန်သွားတဲ့ သတင်းကို ကြားသိရပြီးနောက်မှာ ဆောက်သမ်တန်အသင်းက သူ့ရဲ့မိသားစုဝင်တွေကို နှစ်သိမ့်အားပေးခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ ကစားသမားဟောင်း ဗစ်တာယူဒို အသက် ၂၁ နှစ်အရွယ်မှာ အခုလိုမျိုး ကြေကွဲစရာကောင်းလောက်အောင် ကွယ်လွန်သွားတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ အခုလို ခက်ခဲတဲ့အချိန်မှာ ဗစ်တာရဲ့ မိသားစုဝင်တွေနဲ့အတူ ကျွန်တော်တို့ ဆောက်သမ်တန်အသင်းသားအားလုံး ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်" လို့ အသင်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ယူဒိုရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်တ်ဝပ်အသင်းကလည်း "အသင်းကစားသမားဟောင်း ဗစ်တာယူဒို ကွယ်လွန်သွားတဲ့ သတင်းအတွက် အလွန်ပဲ တုန်လှုပ်ခြောက်ခြားမိပါတယ်။ ဗစ်တာရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အခုလို ခက်ခဲတဲ့အချိန်မှာ သူတို့အတွက် ခွန်အားနဲ့ အားပေးမှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ ကောင်းရာသုဂတိလားပါစေ ဗစ်တာ" လို့ ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ၊ အကွာအိုင်ဘွန်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ယူဒိုဟာ သူ့ရဲ့ ဘောလုံးသမားဘဝကို Hypebuzz အသင်းမှာ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘောလုံးပညာဆက်လက်သင်ယူဖို့ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်ကွဲပ်ရဲ့ လူငယ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
လူငယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စီနီယာအသင်းဆီ ရာထူးတိုးမြှင့်ခံခဲ့ရပြီး အသက် ၁၉ နှစ်အရွယ်မှာပဲ ဘယ်လ်ဂျီယံပရိုလိဂ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ သူဟာ အသင်းအတွက် ၂၈ ပွဲအထိ ကစားပေးခဲ့ပေမဲ့ ဂိုးတော့ မသွင်းယူနိုင်ခဲ့ပါဘူး။
ဒါပေမဲ့လည်း သူ့ရဲ့ အရည်အချင်းကို အင်္ဂလန်ကလပ် ဆောက်သမ်တန်က သတိထားမိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သုံးနှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ကာ အသင်းရဲ့ လူငယ်ဖွံ့ဖြိုးရေးအသင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ဆောက်သမ်တန် စီနီယာအသင်းမှာ နေရာမရခဲ့တဲ့အတွက် နောက်ပိုင်းမှာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာတော့ ချက်ဒုတိယတန်းကလပ် ဒိုင်နမိုဆက်စကေးဘူဒီဂျိုဗိုက်စ်အသင်းဆီ ၂၀၂၈ ခုနှစ်အထိ သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။