အီဘီဇာရှိ သီးသန့်ကျွန်းနဲ့ တစ်ပတ်ကို ပေါင် ၂၆၀၀၀၀ ပေးရတဲ့ အိမ်မှာအပန်းဖြေခဲ့တဲ့ မက်ဆီနဲ့ ဖာဘရီဂက်စ်
လီယွန်နယ်မက်ဆီနဲ့ ဆက်ဖာဘရီဂက်စ်တို့ဟာ အီဘီဇာရှိ အံ့ဖွယ်သီးသန့်ကျွန်းတစ်ကျွန်းမှာ နွေရာသီအားလပ်ရက်ကို မိသားစုနဲ့အတူ အပန်းဖြေခဲ့ကြပါတယ်။ ဘောလုံးကြယ်ပွင့် နှစ်ဦးဟာ ဘာစီလိုနာရဲ့ လူငယ်အကယ်ဒမီမှာကတည်းက ရင်းနှီးခဲ့တဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။
မက်ဆီနဲ့ ဖာဘရီဂက်စ်တို့ရဲ့ မိသားစုဝင်တွေဟာ တစ်ပတ်ကို ပေါင် ၂၆၀၀၀၀ ထိပေးရတဲ့ အပန်းဖြေအိမ်မှာ အနားယူခဲ့ကြတာလည်း ဖြစ်ပါတယ်။ AS သတင်းအရ အဆိုပါအပန်းဖြေအိမ်ဟာ အိပ်ခန်း ၆ ခန်း၊ gym တစ်ခု၊ မီတာ ၂၀ အကျယ်ရှိတဲ့ ရေကူးကန်တို့လည်း ပါရှိပါတယ်။ ဒါ့အပြင် အထူးသီးသန့် ဝန်ထမ်း ၂၂ ယောက်ကလည်း လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေတယ်လို့လည်း သိရပါတယ်။
မက်ဆီက ဇနီးသည် အန်တိုနယ်လာရိုကူဇိုနဲ့ ကလေး ၃ ယောက်ကို ခေါ်လာသလို ဖာဘရီဂက်စ်ကလည်း ဇနီးဒန်နီရယ်လာဆီမန်းနဲ့ ကလေး ၃ ယောက်ကို ခေါ်လာခဲ့ပါတယ်။ မက်ဆီတို့တစ်စုတည်းခဲ့တဲ့ အပန်းဖြေအိမ်ကြီးဟာ အီဘီဇာကမ်းခြေရှိ ဆန်မီဂွဲလ်ပင်လယ်ကွေ့အနီးက အစ္စလာဆာဖာရာဒူရာလို့ခေါ်တဲ့ သီးခြားကိုယ်ပိုင်ကျွန်းတစ်ခုပေါ်မှာ တည်ရှိပါတယ်။ ရှာလီမာ ၂ လို့ခေါ်တဲ့ တစ်နေ့ကို ပေါင် ၈၆၀၀ ပေးရတဲ့ ဇိမ်ခံရွက်လှေတစ်စီးလည်း ငှားခဲ့ပါသေးတယ်။ အဆိုပါလှေမှာဆိုရင် ဇိမ်ခံဆိုဖာတွေ၊ အဆင်မြင့်ဗီရို ၄ ခုနဲ့ VIP နားနေခန်းတစ်ခန်းတို့ ပါရှိပါတယ်။
အင်္ဂါနေ့ညမှာတော့ ကြယ်ပွင့်မိသားစု ၂ စုဟာ အီဘီဇာမာရီနာရှိ အီဇာကာယာစားသောက်ဆိုင်မှာ ညစာစားခဲ့ကြပါတယ်။ မက်ဆီနဲ့ ဖာဘရီဂက်စ်တို့ကို ဘာစီလိုနာအသင်းဖော်ဟောင်း ဂျော်ဒီဘယ်ဘာရဲ့ ဆီဗီးလ်မြို့က မင်္ဂလာပွဲကို တက်ရောက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ မက်ဆီကတော့ သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးအကြိမ် ဘာစီလိုနာမဟုတ်တဲ့ အခြားအသင်းမှာ စတင်ကစားခဲ့ပြီး လက်ရှိအသင်း ပီအက်စ်ဂျီအတွက် ၃၄ ပွဲကစား ၁၁ ဂိုးသွင်း ၁၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဖာဘရီဂက်စ်ကတော့ မိုနာကိုကနေ ထွက်ခွာလာခဲ့ပြီး ပြီးခဲ့တဲ့လက အသက် ၃၅ နှစ်ပြည့်ခဲ့ပေမယ့်လည်း ဘောလုံးဆက်ကစားဦးမှာ ဖြစ်ကြောင်းဖွင့်ဟထားပါတယ်။