မန်စီးတီးရဲ့ဥပဒေရေးရာတိုက်ပွဲအကြားမှာပဲ အီတီဟတ်ကွင်းဆီ ပြန်လည်ရောက်ရှိလာမယ့် ပက်ဂွါဒီယိုလာ
လာမယ့်သီတင်းပတ်၊ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ဧည့်ခံကစားမယ့် မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဆီ အီတီဟတ်ကွင်းမှ ထွက်ခွာသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပက်ဂွါဒီယိုလာ တက်ရောက်လာလိမ့်မယ်လို့ သိရပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ အတိတ်ကာလ၊ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက်တွေမှာ အပြစ်ရှိတယ်ဆိုတဲ့ လတ်တလောစီရင်ချက် ထွက်ပေါ်လာပြီးနောက် ကလပ်အသင်းအပေါ် ထောက်ခံအားပေးနေဆဲဆိုတာ ပြသဖို့အတွက် ဗုဒ္ဓဟူးနေ့ပွဲစဉ်ကို လာရောက်ကြည့်ရှုရန် စပိန်လူမျိုးနည်းပြကိုယ်တိုင် စီစဉ်ထားတယ်လို့ သိရပါတယ်။
သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့စီရင်ချက် နောက်ဆက်တွဲအကျိုးဆက်တွေကို မန်စီးတီးဘက်က ကိုင်တွယ်ဖြေရှင်းနေချိန် ပက်ဂွါဒီယိုလာလည်း ဥက္ကဋ္ဌအယ်လ်မူဘာရက်အပါအဝင် အခြားသောဘုတ်အဖွဲ့ဝင်တွေနဲ့အတူ ဒီပွဲစဉ်ကို ကြည့်ရှုအားပေးသွားဖို့ ရှိနေပါတယ်။
မန်စီးတီးက 'ဟန်ပြ' စာချုပ်တွေမှတဆင့် ဝင်ငွေတွေကို ပေါင်သန်း ၈၃၀ အထိ တမင် ဖောင်းပွအောင် ပြုလုပ်ခဲ့ပြီး ဒီလုပ်ဆောင်မှုအတွက် အပြစ်ရှိတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အီတီဟတ်မှာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဆယ်စုနှစ်တစ်ခုကြာ ကာလကို ဖြတ်သန်းခဲ့တဲ့ ပက်ဂွါဒီယိုလာက ဒီစီရင်ချက်ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ကလပ်ဟောင်းကို လူသိရှင်ကြား ထောက်ခံရပ်တည်ပေးခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာလည်း သူ့ရဲ့ထောက်ခံမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။