
ရော်နယ်ဒိုနဲ့စေ့စပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်အသိပေးလာတဲ့ ဂျော်ဂျီနာ
ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ ချစ်သူတွေအဖြစ် ကာလရှည်လက်တွဲခဲ့ပြီးနောက် ယခုအခါမှာတော့ ဂျော်ဂျီနာက အင်စတာဂရမ်မှတစ်ဆင့် ရော်နယ်ဒိုနဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း လက်ထပ်လက်စွပ်ပုံနဲ့တကွ တရားဝင်အသိပေးလာခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ ၉ နှစ်ကြာလက်တွဲခဲ့ကြသူတွေဖြစ်ပြီး ယခုအခါမှာ ရော်နယ်ဒိုက လက်ထပ်ခွင့်တောင်းခဲ့ကြောင်း ဂျော်ဂျီနာက ပရိသတ်တွကိုအသိပေးခဲ့တာဖြစ်ပြီး သူမကလည်း "ဒီဘဝတင်မဟုတ်ဘဲ ဘဝဆက်တိုင်းအတွက်ပါ လက်ခံပါတယ်" လို့ရေးသားပြီး လက်စွပ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။
ဂျော်ဂျီနာဟာ ပြီးခဲ့တဲ့ ဧပြီလမှာကတည်းက စေ့စပ်တော့မယ့်အကြောင်း လက်စွပ်ပုံတွေ ဆိုရှယ်မီဒီယာမှာမျှဝေပြီး ပရိသတ်တွေကို အရိပ်အမြွက်အသိပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဒူဘိုင်းမှာကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာလည်း ရော်နယ်ဒိုက "ဒီဆုကို လက်ခံရရှိတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့အကြီးဆုံးသားနဲ့ ကျွန်တော့်ရဲ့ဇနီးအရှေ့မှာ အခုလို ဒီဆိုကိုဆွတ်ခူးနိုင်ခဲ့တာ ပိုပြီးဂုဏ်ယူစရာပါ" လို့ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အနေနဲ့ ထိုအချိန်ကတည်းက ဂျော်ဂျီနာကို "ဇနီး" လို့သုံးနှုန်းခဲ့တာကြောင့် လက်ထပ်ဖို့အတွက် ကြိတ်ပြီး စီစဉ်နေခဲ့ပုံရပါတယ်။
မကြာသေးမီက ရော်နယ်ဒိုဟာ ဂျော်ဂျီနာနဲ့ လက်ထပ်ဖို့ အချိန်သင့်ပြီလို့ယူဆဲ့အချိန်မှာ လက်ထပ်သွားမှာဖြစ်ကြောင်း "ကျွန်တော်သူ့ကို အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ဘဝမှာ အရာအားလုံးအဆင်ပြေပြီး အခြေအနေပေးလာခဲ့ရင် သူ့ကိုလက်ထပ်ဖို့ ကြိုးစားသွားမယ့်အကြောင်းပေါ့။ ဒါက တစ်နှစ်အတွင်းမှာ ဖြစ်သွားနိုင်သလို၊ ၆ လ ဒါမှမဟုတ် ၁ လ အတွင်းမှာလည်း ဖြစ်သွားနိုင်ပါတယ်။ သေချာတာကတော့ ကျွန်တော်သူ့ကို သေချာပေါက်လက်ထပ်မှာပါ" လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ အလာနာနဲ့ ဘယ်လာ ဆိုတဲ့သမီးလေး ၂ ဦးမွေးဖွားထားပြီဖြစ်ပြီး ဂျော်ဂျီနာဟာ ရော်နယ်ဒိုရဲ့ အခြားကလေး ၃ ဦးဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာ၊ မက်တီယိုနဲ့ အီဗာမာရီယာတို့ကိုလည်း မိခင်အရင်းတစ်ယောက်လိုမျိုး ကြည့်ရှုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ ၂၀၁၆ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က ဂျော်ဂျီနာဟာ မက်ဒရစ်မြို့တွင်းက ဂူချီဆိုင်တစ်ခုမှာ အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ဆုံစတင်တွေ့ဖြစ်ခဲ့ပုံကို ဂျော်ဂျီနာက "အဲဒီနေ့ ကျွန်မက ပုံမှန်အလုပ်ဆင်းချိန်ထက် ၃ နာရီနောက်ကျပြီးမှ အိမ်ပြန်ဖို့ ပြင်ဆင်နေတာပါ။ ကျွန်မ ဆိုင်ကနေ ထွက်ကာနီးမှာပဲ ခရစ္စတီယာနိုက သူ့ရဲ့သား၊ သူ့ရဲ့သူငယ်ချင်းတွေနဲ့ ဆိုင်ထဲဝင်လာခဲ့တာပါ။ ဘယ်လိုပြောရမလဲ။ ကျွန်မရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ခံစားခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအတွက် ကစားပေးနေတာကြောင့် ဂျော်ဂျီနာအနေနဲ့လည်း ရီယက်ဒ်မြို့မှာ အသက်-၄၀ နှစ်အရွယ်ကစားသမားနဲ့ အတူတူနေထိုင်ရင်း သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်။