The network connection is lost.

Banner Image

အသင်းဖော်ဒီမာကိုက အကောင်းဆုံးနောက်ခံလူဖြစ်တယ်လို့ မာတီနက်ဇ် ချီးကျူး

အင်တာမီလန်အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်ဟာ တနင်္ဂနွေနေ့ညက ဆာဆူအိုလိုအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ စီရီအေပွဲစဉ်အပြီးမှာ အသင်းဖော် ဖက်ဒရီကို ဒီမာကိုရဲ့ ခြေစွမ်းကို အထူးချီးကျူးလိုက်ပါတယ်။

အင်တာမီလန်အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာကအသင်းကို ၈ မှတ်အသာနဲ့ ဦးဆောင်နေပေမယ့် လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်လို့လည်း လော်တာရိုက အလေးအနက် ပြောကြားခဲ့ပါတယ်။

ခရစ်စတီယန် ချီဗူးရဲ့ အင်တာမီလန်အသင်းဟာ ဆာဆူအိုလိုအသင်းကို အဝေးကွင်းမှာ ရန်ဘစ်ဆက်ခ်၊ မားကပ်စ် သူဟမ်၊ လော်တာရို မာတီနက်ဇ်၊ မန်နူရယ် အာကန်ဂျီနဲ့ လူးဝစ် ဟင်းနရစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅ ဂိုး - ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် လော်တာရိုဟာ အင်တာမီလန်အသင်းသမိုင်းတစ်လျှောက် ၁၇၁ ဂိုးနဲ့ တတိယမြောက် ဂိုးအများဆုံးသွင်းသူအဖြစ် ရောဘတ်တို ဘိုနင်ဆီညာနဲ့ တန်းတူ ဖြစ်လာခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုရဲ့ ရှေ့မှာတော့ ဂန္ထဝင်ကစားသမားကြီးတွေဖြစ်တဲ့ ဂျူဆက်ပီ မီယက်ဇာနဲ့ အလက်ဆန်ဒရို အယ်တိုဘယ်လီတို့ နှစ်ဦးသာ ဂိုးအရေအတွက် ပိုမိုသွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

"ကျွန်တော့်အတွက် အမြဲတမ်း အရေးအကြီးဆုံးကတော့ အသင်းရဲ့ ဘုံရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ပါပဲ။ ဒီဂိုးဟာ ကျွန်တော့်အတွက်ရော၊ ငယ်ဘဝက ဖြတ်သန်းခဲ့ရတာတွေနဲ့ ကျွန်တော့်ကို ကူညီခဲ့သူတိုင်းအတွက်ပါ အများကြီး အဓိပ္ပာယ်ရှိပါတယ်" လို့ လော်တာရိုက ဒီအေဇက်အန်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင်ဟာ ဘယ်တောင်ပံခံစစ်ကနေ ၃ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဒီမာကိုကိုလည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဒီမာကိုဟာ အခုရာသီမှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားပြီး လိဂ်ရဲ့ ဒီလိုအချိန်ကာလမှာ ခံစစ်ကစားသမားတစ်ဦးအနေနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ထက် ပိုမိုပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

"သူဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ အခုအချိန်မှာ သူက ပွဲရလဒ်တွေကို အဆုံးအဖြတ်ပေးနေတာ ဖြစ်ပါတယ်။ အသင်းလိုက် စွမ်းဆောင်ရည်က အရေးကြီးဆုံးဆိုပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းမွန်တာကလည်း အရေးပါပါတယ်" လို့ လော်တာရိုက ဖွင့်ဟခဲ့ပါတယ်။

ရှေ့ဆက်ရမယ့် ဖေဖော်ဝါရီလအတွင်းမှာ ဂျူဗင်တပ်စ်၊ အေစီမီလန်တို့နဲ့ ဒါဘီပွဲစဉ်တွေအပြင် ဘိုဒိုဂလင့်မ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေအတွက်လည်း လော်တာရိုက သတိပေးစကား ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ပွဲကြီးအချို့မှာ အမှတ်တွေ လျော့ခဲ့တာမျိုး ရှိပါတယ်။ ဒါကြောင့် အသေးစိတ်အချက်အလက်တွေကို ပြန်လည်ပြင်ဆင်ပြီး ရလဒ်ကောင်းတွေ ရအောင် ယူရပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံ ရရှိနေပြီး ဒီရာသီ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိပေမယ့် ခေါင်းငုံ့ပြီး ကြိုးစားအားထုတ်သွားဖို့ လိုအပ်ပါတယ်" လို့ လော်တာရို မာတီနက်ဇ်က ဆိုခဲ့ပါတယ်။