
ယူနိုက်တက်မှာတုန်းက သူနဲ့လိုက်ဖက်တဲ့နေရာမှာ မကစားခဲ့ရကြောင်း ဖွင့်ဟလာတဲ့ တိုမီနေး
နာပိုလီမှာကစားနေတဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း စကော့မက်တိုမီနေးက သူဟာ အိုးလ်ထရက်ဖို့ဒ်မှာတုန်းက သူနဲ့လိုက်ဖက်တဲ့နေရာမှာကစားခွင့်မရခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက ယူနိုက်တက်အတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ တိုမီနေးဟာ အသင်းမှာ ၇ နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာတော့ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာပြီး နာပိုလီသို့ ပေါင် ၂၆ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ နာပိုလီသို့ရောက်ရှိချိန်မှာ စကော့တလန်လက်ရွေးစင်ဟာ ခြေစွမ်းပိုင်း ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး ဒီရာမှာကစားထားတဲ့ စီးရီးအေ ၂၆ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ခုပေါင်း ၁၀ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။
ဒါ့အပြင် တိုမီနေးဟာ နာပိုလီနဲ့အတူ စီးရီးအေဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက်လည်း အခွင့်အရေးရှိနေဆဲဖြစ်ပြီး အန်တိုနီယိုကွန်တီရဲ့အသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေကာ ထိပ်ဆုံးက အင်တာမီလန်နဲ့ ၃ မှတ်သာကွာဟနေပါတယ်။ယခုအခါမှာတော့ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၅၀ ကျော်ကစားပေးခဲ့တဲ့တိုမီနေးကို ဘာကြောင့် နာပိုလီမှာခြေစွမ်းတိုးတက်လာတာလဲမေးမြန်းခဲ့ရာ ကစားသမားက နေရာမှန်မှာကစားနေရလို့ဖြစ်တယ်လို့ ဆိုပါတယ်။
ကွင်းလယ်လူက "ကျွန်တော်ယူနိုက်တက်အတွက် စတင်ကစားတုန်းက ကျွန်တော့်ရဲ့ကစားပုံနဲ့ လိုက်ဖက်တဲ့နေရာမှာမကစားခဲ့ရပါဘူး။ ဒါက နည်းပြတွေရဲ့အပြစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် နံပါတ် ၆ နေရာတို့ ကွင်းလယ်ခံစစ်တို့လိုနေရာတွေက ကျွန်တော့်ရဲ့စိတ်ကြိုက်နေရာတွေမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ တိုမီနေးဟာ သူ့ရဲ့စိတ်ကြိုက်နေရာမှာ ကစားခွင့်ရနေပြီး တိုက်စစ်ပိုင်းကိုလည်း ပိုမိုထိရောက်စွာကစားထားနိုင်လို့ နာပိုလီအတွက် ဒီရာသီပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၇ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ စကော့တလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၅၈ ပွဲကစားပြီး ၁၁ ဂိုးအထိသွင်းယူထားနိုင်တာဖြစ်ပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်မှာဘာကြောင့် နေရာမှားပြီးကစားခဲ့ရသလဲဆိုတာကို တိုမီနေးက "မန်ချက်စတာယူနိုက်လိုအသင်းမျိုးမှာ အသက်-၂၀ အရွယ်နဲ့ ကျွန်တော်က ပေါ့ဂ်ဘာရဲ့အရှေ့မှာ ကစားချင်တယ်လို့ သွားပြောဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ့်နေရာကိုယ်သိရပါမယ်။ သူတို့တောင်းဆိုတဲ့နေရာမှာပဲ ကစားနိုင်ဖို့ကြိုးစားရပါတယ်။ ပြီးခဲ့တဲ့ရာသီတစ်ချို့မှာတော့ ကျွန်တော် ပြိုင်ဘက်ဂိုးဧရိယာထဲမှာကစားခွင့်ရခဲ့ပြီး ဂိုးတွေလည်း သွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော့်ရဲ့အကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်"
"ကျွန်တော်က အသင်းအတွက်အမြဲတမ်းအသင့်ရှိပြီး ကိုယ့်တာဝန်ကိုယ် ကျေပွန်နိုင်ဖို့ အဓိက ပစ်မှတ်ထားပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ထိုက်တန်တဲ့အရာကို သက်သေပြဖို့လည်း ကြိုးစားပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ပြီး ပွဲကိုအကောင်းဆုံးကစားနိုင်ဖို့က အရေးကြီးဆုံးပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္လာနေ့မှာတော့ တိုမီနေးဟာ နာပိုလီနဲ့အတူ ခက်ခဲတဲ့စီးရီးအေပွဲစဉ်အဖြစ် ဘိုလော့ဂ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ နာပိုလီဟာ အမ်ပိုလီ၊ မွန်ဇာ၊ တိုရီနို၊ လက်ချီတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။ ယူနိုက်တက်ကစားသမားဘဝမှာ အက်ဖ်အေနဲ့ ကာရာဘောင်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ တိုမီနေးတစ်ယောက် နာပိုလီမှာ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းအမှတ်ပေးဖလားကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။