The network connection is lost.

Banner Image

လိဒ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်ကို တိုးတက်လာတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ထားတဲ့ ယူနိုက်တက်နည်းပြကာရစ်

မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က ခါးသီးပြိုင်ဘက်လိဒ်ယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်ကို သူ့ရဲ့အသင်းအတွက် တိုးတက်လာတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ထားပါတယ်။

နိုင်ပွဲရရှိဖို့ အလွန်လိုအပ်နေချိန် ကာရစ်ဦးဆောင်တဲ့ ယူနိုက်တက်က အီလန်ရုဒ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် သရဲနီတွေက ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးသွားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၃ နေရာမှာ ရပ်တည်နေပါတယ်။

ပွဲစဉ်အပြီး NBC Sports နဲ့တွေ့ဆုံချိန် ကာရစ်က အကောင်းဘက်မှရှုမြင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရှေ့ကိုတက်လှမ်းတဲ့ ခြေလှမ်းတစ်ခု ဖြစ်နေဆဲပါပဲလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

သူက "ဟုတ်ပါတယ်၊ အသင်းနှစ်ခုလုံးအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ပွဲစဉ်တွေအနက် တစ်ခု ဖြစ်ပါတယ်။ ပွဲရဲ့အကြိတ်အနယ်ရှိမှုကို ခံစားမိနိုင်သလို ပွဲကြီးပွဲကောင်းလည်း ဖြစ်ခဲ့ပါတယ်" လို့  ပြောပါတယ်။

"ထိပ်တန်းအရည်အသွေးအကြောင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကစားနိုင်စွမ်းရှိတဲ့ အကောင်းဆုံးထိပ်တန်းခြေစွမ်းမျိုး မဟုတ်ခဲ့ဘူးဆိုတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့အခိုက်အတန့်တွေမှာတော့ တကယ်ကိုကောင်းမွန်တဲ့ ဘောလုံးကစားပုံကို ကျွန်တော်တို့ ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်"

"ဒီကွင်းဆီ လာရောက်ကစားဖို့ဆိုတာ ခက်ခဲပါတယ်။ လက်ရှိရရှိထားတဲ့ရလဒ်တွေအရ ကစားပုံပိုင်း အပြည့်အ၀မကောင်းမွန်နေပေမဲ့ ဒီပွဲစဉ်မှတဆင့် အပြုသဘောဆောင်တဲ့ သင်ခန်းစာတွေ အလုံအလောက် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေကြားမှာ ကစားသမားတွေကိုယ်တိုင် ရင်ဆိုင်ကြိုးပမ်းခဲ့ကြတဲ့ ပုံစံအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်"

"တစ်မှတ်ကတော့ တစ်မှတ်ပါပဲ။ ဒါက ကျွန်တော်တို့အတွက် ရှေ့ကိုတက်လှမ်းတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။