
လီဗာပူးချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် နည်းပြဖြစ်သူထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အာဆင်နယ်စတား
လီဗာပူးအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် အာဆင်နယ်စတား မာတီနယ်လီက တိုက်စစ်မှူးအသစ်ကို ကြိုဆိုသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့တုန်းက တော့တင်ဟမ်ကို ၅-၁ နဲ့အနိုင်ရပြီးနောက် ဒုတိယအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ တတိယအကြိမ်မြောက် ဒုတိယနေရာနဲ့သာ ရာသီသိမ်းခဲ့ပြီး ယခင်တုန်းကလည်း စီးတီးကို ၂ ကြိမ်တိုင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်လက်ထဲမှာ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ အလားအလာကောင်းရှိနေပြီး ဒီနေ့ညမှာ ပီအက်စ်ဂျီနဲ့ဆီမီးဖိုင်နယ်ပထမအကျော့ကန်ရမှာဖြစ်ပါတယ်။ သုံးသပ်သူတော်တော်များများကတော့ အာဆင်နယ်ဟာ တိုက်စစ်မှူးမရှိတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံနဲ့ လွဲချော်ခဲ့တာလို့ ထောက်ပြနေကြပါတယ်။
ဖေဖော်ဝါရီတုန်းက ဟာဗက်ဇ်တစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ကာလရှည်နားခဲ့ရသလို ဆာကာလည်း ဒဏ်ရာပြဿနာကြုံခဲ့ရသေးတာကြောင့် မာတီနယ်လီ ၊ ထရိုဆက် ၊ စတာလင်တို့နဲ့ ရှေ့ဆက်ခဲ့ရတာဖြစ်ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ်ဟာ အသင်းကို အကြီးစားပြင်ဆင်မှုတွေပြုလုပ်မှာဖြစ်ပြီး တိုက်စစ်မှူး နဲ့ တောင်ပံကစားသမားတွေကို ချိတ်ဆက်နေပါတယ်။
မာတီနယ်လီကလည်း အသင်းထံတိုက်စစ်မှူးသစ်ရောက်လာမှာကို ကြိုဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အာဆင်နယ်အတွက် ကစားနေတာပါ။ အဲ့တာက နေ့တိုင်း ပြိုင်ဆိုင်မှုရှိပါတယ်။ အသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တာကြောင့်ပါ။ အဲ့တာကို ကျွန်တော်တို့အသားကျအောင်လုပ်ရပါမယ်။ ကျွန်တော်တို့ အသင်းကြီးဖြစ်တာကြောင့် ထိပ်တန်းကစားသမားတွေလိုအပ်ပါတယ်။ သူတို့ရောက်လာမယ်ဆိုရင်လည်း ကျွန်တော်ကြိုဆိုသွားမှာပါ”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် အီဆက် ၊ အန်ကူကူ ၊ ဆက်စ်ကို ၊ ဂရိုကီရက်စ်တို့အပါအဝင် တောင်ပံနေရာအတွက် နီကိုဝီလီယံကိုပါ ချိတ်ဆက်နေပါတယ်။ မာတီနယ်လီရဲ့အနာဂတ်ကလည်း အခြားအသင်းဖော်တွေနည်းတူ အာဆင်နယ်မှာပဲ ဆက်ရှိနေဖို့များနေပါတယ်။ “ကျွန်တော် အမြဲပြောသလို ဒီမှာ ကျွန်တော်တကယ်ပျော်ပါတယ်။ ဒါက ကျွန်တော့်အိမ်ပါ။ ဒီမှာကန်ရတာကို ချစ်သလို ဒီအသင်းကိုလည်း ချစ်ပါတယ်။ အသင်းဘက်က ကျွန်တော့်ကို အများကြီးပေးထားပြီးပါပြီ”လို့ မာတီနယ်လီက ဖြေကြားခဲ့ပါတယ်။