The network connection is lost.

Banner Image

ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်ရဲ့အလုပ်က အလွန်လွယ်ကူကြောင်း ရွန်းနီကို အာမိုရင်ပြန်လည်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်ပြီး သူ့ကိုနုံအတယ်လို့ ပြောဆိုခဲ့တဲ့ ကလပ်ဂန္ထဝင်ကစားသမားဟောင်း ဝန်းရွန်းနီကို ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်လုပ်ဖို့က အလွန်လွယ်ကူကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။ ယမန်နေ့ညက ဖူလ်ဟမ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အပြီးမှာ အာမိုရင်က သူ့ရဲ့ရည်ရွယ်ချက်က ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလားရယူဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်ကို ရွန်းနီက ဝေဖန်ခဲ့တာဖြစ်ပါတယ်။ 

ဘီဘီစီအတွက် ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ် အလုပ်လုပ်နေတဲ့ရွန်းနီက အာမိုရင်ကို ဝေဖန်တိုက်ခိုက်ခဲ့ပေမယ့် အာမိုရင်ကတော့ လုံခြုံတဲ့ စတူဒီယိုထဲမှာ ဝေဖန်ပြောဆိုမှုတွေလုပ်တာက လွယ်ကူကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော့်ရဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားပါ။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို အခုချိန်မှာစိန်ခေါ်ဖို့၊ ဒါမှမဟုတ် နောက်ရာသီမှာစိန်ခေါ်ဖို့ စဉ်းစားနေတာကမှ နုံအတာဖြစ်ပါလိမ့်မယ်။ လောလောဆယ်မှာအသင်းရဲ့အခြေအနေကို လူတိုင်းသိပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူလုပ်ရတာ အရမ်းလွယ်ပါတယ်။ ကျွန်တော်ကစားသမားဘဝကနေ အနားယူတုန်းကလည်း လုပ်ခဲ့ဖူးလို့ အရမ်းလွယ်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်"

"ကျွန်တော်တို့ရဲ့ပန်းတိုင်က ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားရဖို့ပါ။ ကျွန်တော်နဲ့အတူတော့ ရချင်မှရပါမယ်။ ဒါပေမယ့် ကလပ်ရဲ့ပန်းတိုင်က ပရီးမီးယားလိဂ်ဖလားပါ။လောလောဆယ်မှာအသင်းက ခက်ခဲတဲ့အခြေအနေကိုရောက်နေပါတယ်။ ကျွန်တော်က မနုံပါဘူး။ ဒါကြောင့်ပဲ အသက်-၄၀ နဲ့မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်နေတာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအက်ဖ်အေဖလားချန်ပီယံယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ခံလူဗစ်တာလင်ဒီလော့ဖ်နဲ့ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီတို့ရဲ့ ပင်နယ်တီလွဲချော်မှုတွေကြောင့် ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ လင်ဒီလော့ဖ်နဲ့ ဇက်ခ်ဇီတို့ရဲ့ ပင်နယ်တီကန်သွင်းချက်တွေကိုဖူလ်ဟမ်ဂိုးသမား လီနိုက လက်စွမ်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ဂိုးသမား အိုနာနာကတော့ တစ်လုံးတလေမှ ကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။

အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရပြဖြစ်တာကြောင့် ဒီရာသီမှာ ယူနိုက်တက်ရဲ့ ဆုဖလားအောင်မြင်မှုရရှိဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ဟာ ယူရိုပါလိဂ်ဖလားသာကျန်ရှိတော့တာဖြစ်ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ အာမိုရင်ရဲ့အသင်းဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။