The network connection is lost.

Banner Image

ပလိုင်းမောက်နဲ့ပွဲစဉ်အပြီး နောက်ထပ်ဒဏ်ရာပြဿနာထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီး

ပလိုင်းမောက်ကို အနိုင်ရရှိခဲ့တဲ့ မန်စီးတီးရဲ့အက်ဖ်အေဖလားပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားတဲ့ နသန်အကီဟာ ကာလရှည်အနားယူသွားရလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ယမန်နေ့ညပိုင်း၊ ပလိုင်းမောက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဒတ်ချ်နောက်ခံလူအကီ ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွက် ဆက်မကစားနိုင်တော့လို့ ရူဘင်ဒီယက်စ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ အက်ဖ်အေဖလား၊ ပဉ္စမအဆင့်နိုင်ပွဲအပြီးမှာတော့ နည်းပြပက်ဂွါဒီယိုလာက အကီကို လက်လွှတ်လိုက်ရပြီလို့ ပြောဆိုရင်း ဇန်နဝါရီမှာ အသစ်ခေါ်ယူထားနိုင်တဲ့ နောက်ခံလူဗစ်တာရီးစ်နဲ့ ခူဆာနော့ဗ်တို့ကြောင့် ကလပ်အသင်းအတွက် စိတ်သက်သာရခဲ့ပုံပေါ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီးတီးအသင်းခံစစ်ပိုင်းက အတော်လေးအားနည်းသွားပါလိမ့်မယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ အခု ကျွန်တော်တို့တွေ နောက်ခံလူတစ်ဦးကို ကာလရှည်ထပ်မံလက်လွှတ်လိုက်ရပါပြီ။ အကီကို ကျွန်တော်တို့ လက်လွှတ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ခူဆာနော့ဗ်နဲ့ ဗစ်တာရီးစ်တို့ကို ခေါ်ယူပေးထားလို့ ကလပ်အသင်းကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်တိုက်ပွဲဝင်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ မဖြစ်နိုင်စရာပါပဲ၊ ကျွန်တော်တို့အတွက် ရူဘင်ဒီယက်စ်ပဲ ကျန်ရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။

လတ်တလောမှာ မန်စီးတီးက ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ အကန်ဂျီတို့ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရသလို ကွင်းလယ်အင်ဂျင်ရိုဒရီလည်း ဒူးအရွတ်စုတ်ပြဲပြင်းထန်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပါတယ်။ ဒါကြောင့် အကီကိုဆုံးရှုံးရမှုက အက်ဖ်အေဖလားဆွတ်ခူးနိုင်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကြိုးပမ်းမှုမှာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးကတော့ လာမယ့်စနေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ သူတို့ရဲ့ခံစစ်ပိုင်းစုဖွဲ့မှုပုံစံသစ် နေသားတကျဖြစ်နေဖို့ မျှော်လင့်နေပါလိမ့်မယ်။