
ရာထူးမှ ထုတ်ပယ်ခံလိုက်ရတဲ့ သရဲနီဂန္တဝင်လောရင့်ဘလန့်
ဆော်ဒီပရိုလိဂ်ဘီလူးကြီး အယ်လ်အစ်တီဟတ်က မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်နဲ့ ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းခံစစ်မှူးဟောင်း လောရင့်ဘလန့်ကို နည်းပြချုပ်ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က စီရော်နယ်ဒိုဦးဆောင်တဲ့ အယ်လ်နာဆာကို ဆော်ဒီပရိုလိဂ်လက်ရှိချန်ပီယံတို့ နှစ်ဂိုးပြတ်အရေးနိမ့်တဲ့ ပွဲစဉ်အပြီး နောက်တစ်နေ့မှာပဲ ထွက်ပေါ်လာခဲ့တာပါ။ ဒီရှုံးနိမ့်မှုက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း အယ်လ်အစ်တီဟတ်အတွက် တတိယမြောက်ရှုံးပွဲဖြစ်လာခဲ့ပြီး နည်းပြရာထူးနဲ့ ဘလန့်တို့ရဲ့အိုးစားကွဲမှုဆီ ဦးတည်သွားခဲ့ပါတယ်။
ဘော်ဒိုး၊ ပီအက်စ်ဂျီ၊ လိုင်ယွန်တို့လို ပြင်သစ်ထိပ်သီးတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဘလန့်က အယ်လ်အစ်တီဟတ်ဆီ ၂၀၂၄ ခုနှစ်မှာ ဆက်သွယ်လာခဲ့ပါတယ်။ ဆော်ဒီမြေပွဲဦးထွက်ရာသီမှာ ဘလန့်က ဘန်ဇီးမားဦးဆောင်တဲ့ကလပ်အသင်းကို ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်အောင် လမ်းပြပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လ၊ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်နာဆာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘလန့်ရဲ့ဟန်နီးမွန်းခရီးစဉ်ကာလ တိုတောင်းလာခဲ့ပါတယ်။ သူတို့တွေက စက်တင်ဘာလအတွင်းမှာလည်း အယ်လ်ဝါဒါကို အရေးနိမ့်ခဲ့တဲ့ အာရှချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်၊ အယ်လ်နာဆာကို အရေးနိမ့်ခဲ့တဲ့လိဂ်ပွဲစဉ်အပါအဝင် နှစ်ပွဲထက်မနည်းကို ရှုံးနိမ့်ခဲ့ပါတယ်။
မာနေး၊ စီရော်နယ်ဒိုတို့ရဲ့သွင်းဂိုးတွေဖြင့် အယ်လ်နာဆာက အယ်လ်တီဟတ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ဆော်ဒီလိဂ်ချန်ပီယံတွေက နည်းပြချုပ်ဖြစ်သူနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ “ အယ်လ်အစ်တီဟတ်အနေဖြင့် အသင်းနည်းပြလောရင့်ဘလန့်အပြင် သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ စာချုပ်ဆိုင်ရာဆက်ဆံရေးရှိနေမှုကို ရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
အယ်လ်နာဆာကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အယ်လ်အစ်တီဟတ်နည်းပြဘဝအနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းလာမှုကို ဘလန့်က “ ကာလရှည်ကြီးတစ်ခုဖြတ်သန်းပြီးနောက် ပထမဆုံးအကြိမ်ရှုံးနိမ့်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အိမ်ကွင်းနောက်ဆုံး ၁၈ ပွဲရလဒ်ကို ပြန်ကြည့်ရင် ၁၇ ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပါတယ်။ ဒါကြောင့် အခုလိုမျိုးမေးမြန်းလာမှုကို ကျွန်တော်အံ့သြမိပါတယ်။ ရလဒ်တွေကိုလစ်လျူရှုလို့ မရပါဘူး။
အရင်တုန်းကဆွေးနွေးဖူးသလိုပဲ ကျွန်တော်တို့မှာ ခံစစ်ပိုင်းပြဿနာတွေ ရှိပါတယ်။ အသင်းအတွက် ကစားပေးနိုင်မယ့်သူတွေအပေါ်မှာ မူတည်နေလို့ ကျွန်တော့်ဆီမှာ ဖြေရှင်းနည်းအများအပြား မရှိပါဘူး။ ဒဏ်ရာဆိုတာ ဘောလုံးရဲ့တစိတ်တပိုင်းဖြစ်ပေမဲ့ သုံးရက်တစ်ပွဲနှုန်းကစားရချိန်မှာဆိုရင် ပွဲစဉ်တွေရဲ့ ဖိအားကြောင့် အခြေအနေတွေကို ပိုမိုခက်ခဲစေပါတယ်။ ပြီးတော့ ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ အများကြီးရှိနေခဲ့ပါတယ်”လို့ ပြောပါတယ်။
သတင်းထောက် Mattteo Moretto ရဲ့အဆိုအရ အယ်လ်အစ်တီဟတ်အသင်းအာဏာပိုင်တွေက ဘလန့်ရဲ့နေရာမှာ ဘာစီလိုနာနည်းပြဟောင်းဇာဗီနဲ့ အစားထိုးဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။