The network connection is lost.

Banner Image

ယူနိုက်တက်စတားကို မျက်စိကျနေတဲ့ အေစီမီလန်

သတင်းတွေအရ အေစီမီလန်အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းကို အငှားနဲ့ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ စကိုင်းသတင်းဌာနရဲ့အဆိုအရ အေစီမီလန်ဟာ ဂျူဗင်တပ်စ်စတား ဗလာဟိုဗစ်အစား ဟွိုက်လန်းကို ပစ်မှတ်ထားလာတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒိန်းမတ်သားကို အငှားနဲ့ လက်လွှတ်ဖွယ်ရှိနေပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ အီတလီကလပ်ဟာ ဟွိုက်လန်းကို ကနဦးအငှား + ကေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟွိုက်လန်းဟာ အတ္တလန္တာအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ၂၀၂၃ တုန်းက ယူနိုက်တက်ထံ ပေါင် ၆၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်မြေမှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်အတွက် ၉၅ ပွဲမှာ ၂၆ ဂိုသာသွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒိန်းမတ်သားကို ရှင်းထုတ်ပြီး လာမယ့်ရာသီမှာ ပိုအားထားရတဲ့တိုက်စစ်မှူးတစ်ဦးအလိုရှိနေပါတယ်။ နည်းပြဟောင်း ဂတ်စ်ပါရီနီကလည်း ရိုးမားအသင်းထံ ဟွိုက်လန်းကို ပြန်လည်ခေါ်ယူချင်နေသလို ဂျူဗင်တပ်စ်ကလည်း စောင့်ကြည့်နေပါတယ်။ အေစီမီလန်ဟာ ယခင်တုန်းက ဗလာဟိုဗစ်ကို ပစ်မှတ်ထားခဲ့ပေမယ့် ဆွေးနွေးမှုတွေက လက်ရှိအချိန်အထိ မတိုးတက်သေးတာဖြစ်ပါတယ်။

အေစီမီလန်ဟာ လာမယ့်သြဂုတ်လ ၁၆ ရက်နေ့မှာ ကိုပါအီတာလီယာဖလားပွဲအဖြစ် ဘာရီအသင်းနဲ့ကန်ရမှာဖြစ်ပြီး နည်းပြ အယ်လီဂရီကတော့ လူအင်အားကို အလျင်အမြန်အပြီးသတ်ချင်နေပါတယ်။ ဟွိုက်လန်းကတော့ သူ့အနေနဲ့ ကစားသမားဘဝပြန်လည်တောက်ပလာဖို့ အသင်းပြောင်းချင်နေပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတာကြောင့် တောက်ပဖို့ သူ့အတွက်အချိန်အများကြီးရှိနေသေးတာဖြစ်ပါတယ်။