ရိုးမားမှာ တော့တီနဲ့အတူ လက်တွဲချင်တယ်လို့ အတိအလင်းပြောဆိုလိုက်တဲ့ ဂတ်စ်ပါရီနီ
ရိုးမားနည်းပြဂတ်စ်ပါရီနီက ဂန္တဝင်ကစားသမားတော့တီကို အသင်းဆီ ပြန်လာစေချင်တယ်လို့ ရှင်းရှင်းလင်းလင်းပြောကြားလိုက်ပါတယ်။
တော့တီက စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတာဝန်တစ်ခုနဲ့အတူ အသင်းဆီပြန်လာဖို့အတွက် ရိုးမားနဲ့အဆက်အသွယ်ရှိနေတာ သီတင်းပတ်အနည်းငယ်ကြာမြင့်နေပါပြီ။
ဂတ်စ်ပါရီနီက လွန်ခဲ့တဲ့သီတင်းပတ်အတွင်း တော့တီအပြင် တော့တီရဲ့အသင်းဖော်ဟောင်းဖြစ်သလို လက်ရှိရိုးမားအသင်းသံတမန်တာဝန်ဆောင်ရွက်နေသူ ဗင်းဆင့်ကန်ဒဲလားတို့နဲ့ ညစာစားခဲ့ပါတယ်။
တနင်္ဂနွေနေ့ဆွေးနွေးမှုတွေမှာ ဂတ်စ်ပါရီနီက ရိုးမားဂန္ထဝင်ကစားသမားကြီးတော့တီကို အသင်းဆီ ဘယ်လောက်တောင်ပြန်လာစေချင်လဲဆိုတာနဲ့ သူပြန်လာရင် လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေအကြောင်းကို သေချာရှင်းပြခဲ့ပါတယ်။
La Gazzetta dello Sport ရဲ့ဖော်ပြချက်အရ တော့တီရဲ့ တာဝန်တွေထဲမှာ နည်းစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေ ပါဝင်သလို ဥရောပတလွှားရှိ လူငယ်ခြေတက်တွေကို ရှာဖွေဖို့နဲ့ အသင်းဆီခေါ်ယူချင်တဲ့ ကစားသမားတွေကို စည်းရုံးနားချဖို့တွေ ပါဝင်လာမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလအတွင်း ဂတ်စပါရီနီက "ကျွန်တော့်အတွက်တော့ တော့တီက အဖိုးတန်ခွန်အားတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒါက အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သူ့ကို ဘယ်လိုတာဝန်မျိုးပေးအပ်ရမလဲ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ စိတ်ကူးတွေ အများကြီး ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။