ဆက်စ်ကို ကာလရှည်အနားယူရနိုင်ကြောင်း အာမိုရင် အသိပေး
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က စနေနေ့ညက တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားလဲဝင်ရောက်ပြီး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ ဒဏ်ရာပြင်းထန်တာကြောင့် ကာလရှည်အနားယူရနိုင်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဆက်စ်ကိုဟာ ပွဲကစားချိန် ၅၈ မိနစ်မှ လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပေမယ့် ၈၈ မိနစ်မှာတော့ တော့တင်ဟမ်နောက်ခံလူ ဗန်ဒီဗန်နဲ့ထိခိုက်မိပြီး ဒဏ်ရာရရှိသွားတာကြောင့် ကွင်းပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့ရပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ဟာကွင်းထဲမှ လမ်းလျှောက် ကွင်းပြင်ပသို့ထွက်ခွာနိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ပွဲပြီးတဲ့အထိတော့ ပြန်လည်ဝင်ရောက်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့် အာမိုရင်က ဆက်စ်ကိုရဲ့ဒဏ်ရာ ပြင်းထန်နိုင်ကြောင်း အသိပေးပြာကြားလာခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ စစ်ဆေးမှုတွေလုပ်ရပါမယ်။ သူ့ဒူးခေါင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာပြင်းတယ်လို့ထင်ပါတယ်။ ဘာဖြစ်သွားတယ်ဆိုတာတော့ ကျွန်တော်တို့ သေချာမသိရသေးပါဘူး။ ဒဏ်ရာရတာက ကိစ္စမရှိပေမယ့် ဒူးမှာဖြစ်သွားတာဆိုတော့ စိတ်ပူရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် ယူနိုက်တက်ဟာ နောက်လမှာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမို၊ အာမက်ဒီယာလိုနဲ့ မာဇရာဝီတို့ကို လက်လွှတ်သွားရမှာဖြစ်လို့ ဆက်စ်ကိုရဲ့ဒဏ်ရာက အသင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။
ဆက်လက်ပြီး အာမိုရင်က "ကျွန်တော်တို့ သေချာအကဲဖြတ်သွားပါမယ်။ မကြာခင်မှာ ကျွန်တော်တို့ ကစားသမား ၃ ယောက်ကိုလည်း ဆုံးရှုံးရဦးမှာပါ။ အသင်းမှာ ခက်ခဲတဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်သွားရမှာပါ။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာတော့ အသင်းကိုအဆင်ပြေအောင် ထိန်းချုပ်နိုင်ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ရာသီမှာ ယူနိုက်တက်ဟာ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ရလဒ်ကောင်းတွေပြန်လည်ဖော်ဆောင်လာခဲ့ပေမယ့် ဖောရက်စ်နဲ့ တော့တင်ဟမ်တို့ကို ၂ ပွဲဆက်သရေကျပြီး နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ပွဲမှာ အနိုင်ရခဲ့သင့်ကြောင်းကို အာမိုရင်က "ကျွန်တော်တို့ ဒီပွဲမှာ ဟာကွက်တွေအများကြီးရှိခဲ့ပါတယ်။ ပိုကောင်းတဲ့အခြေအနေကို ဖန်တီးနိုင်ခဲ့သင့်တာပါ။ ရမှတ် ၃ မှတ်ရပြီးနေချိန်မှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့သင့်ပါတယ်။ မနိုင်တဲ့အခြေအနေမှာ ရှုံးလို့တော့မဖြစ်တာကြောင့် သရေတစ်မှတ်တော့ရအောင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲက နိုင်သင့်တဲ့ပွဲပါ" လို့ပြောကြားခဲ့ပါတယ်။