The network connection is lost.

Banner Image

ဒီဘရိုင်းလိုကစားသမားမျိုး နောက်ထပ်မရှိနိုင်ဘူးလို့ ဂွါဒီယိုလာ ချီးကျူး

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက စနေနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီး ဒီဘရိုင်းလို ကစားသမားမျိုး နောက်ထပ်မရှိနိုင်တော့ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုနှစ်ရာသီကုန်မှာ မန်စီးတီးကနေ ထွက်ခွာသွားတော့မယ့် ဒီဘရိုင်းဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ဆဲဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ပထမဆုံးချေပဂိုးကို သွင်းယူနိုင်ခဲ့သလို၊ အသင်းဖော် ကိုဗာဆစ်အတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီဂမှာ ဂွါဒီယိုလာက “ကျွန်တော့်အတွက် သူက ကြီးမားတဲ့ သက်ရောက်မှုတစ်ခုပါ။ မယုံနိုင်စရာကောင်းတဲ့ကစားသမားဖြစ်ပြီး သူဘာတွေလုပ်နိုင်လဲ ကျွန်တော်အသိဆုံးပါ။ အခုလို သူအသင်းကိုကူညီနေတာမြင်ရလို့ ဝမ်းသာပါတယ်။ ဘောလုံးကိုင်ထားတဲ့အချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်က အများကြီးတိုးတက်လာပါတယ်။ ဒီပွဲမှာအနိုင်ရဖို့ သူအများကြီးကူညီပေးခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဒီဘရိုင်းအနေနဲ့ မန်စီးတီးကနေ ထွက်ခွာတော့မယ်ဆိုပေမယ့် ဘယ်အသင်းသို့ပြောင်းရွှေ့မယ်ဆိုတာတော့ အခုချိန်အထိ ရေရေရာရာ ဆုံးဖြတ်ထားခြင်းမရှိသေးပါဘူး။ လက်ရှိအချိန်မှာတော့ အသက်-၃၃ နှစ်အရွယ်ကစားသမားကို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်တို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရပြီးနောက် ဘယ်လ်ဂျီယံလက်ရွေးစင်က “ကျွန်တော် မန်ချက်စတာမှာနေတာ ၁၀ နှစ်ရှိပါပြီ။ ကျွန်တော့်ရဲ့ကလေးတွေကလည်း ဒီမှာပဲမွေးပြီး ဒီမှာပဲ ကြီးပြင်းခဲ့ကြတာပါ။ တကယ်လို့ ကျွန်တော်သာပြောင်းရွှေ့မယ်ဆိုရင် သူတို့အတွက် ကြီးမားတဲ့ပြောင်းလဲမှုဖြစ်လာဖို့ရှိပါတယ်။ သူတို့လည်း အခုချိန်မှာ စိုးရိမ်စိတ်တွေ နည်းနည်းရှိနေကြပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီနေ့လို ခြေစွမ်းမျိုးနဲ့ အမြဲတမ်းကစားချင်ပါတယ်။ ကျွန်တော်ဘောလုံးကောင်းကောင်းကစားရသလို၊ မိသားစုအတွက်လည်း အဆင်ပြေစေမယ့်နေရာမျိုးမှာ နေရရင် ကျွန်တော့်အတွက် အဆင်ပြေမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

မန်စီးတီးအတွက် ၁၀ နှစ်အထိ ကစားပေးခဲ့တဲ့ ဒီဘရိုင်းဟာ စုစုပေါင်း ၇၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၂၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက “ဒီဘရိုင်းလိုမျိုး ဘယ်သူမှလုပ်နိုင်မှာမဟုတ်ပါဘူး။ သူ့နေရာမှာ အစားထိုးဝင်ရောက်လာမယ့်ကစားသမားကိုလည်း ကျွန်တော့်အနေနဲ့ ဖိအားတွေပေးသွားမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဒီဘရိုင်းရဲ့နောက်ဆုံးရာသီမှာ မန်စီးတီးအနေနဲ့ ဆုဖလားနဲ့အတူ အဆုံးသတ်နိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်သို့ရောက်ရှိနေပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။