
မန်စီးတီး နဲ့ ဘန်လေ အသင်းတို့ပွဲစဉ်မတိုင်ခင် အာလင် ဟာလန်း ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ နည်းပြ ပက်ဂွါဒီယိုလာ
မန်စီးတီးအသင်းဟာ လိဂ် ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးအသင်းနဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။ ဒီအခြေအနေမှာ မန်စီးတီးအသင်းက စနေနေ့မှာ ဘန်လေအသင်းကို အီတီဟတ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ အသင်းရဲ့ ရလဒ်တွေရှိနေပေမဲ့ ဟာလန်း ကတော့ အကောင်းဆုံးခြေစွမ်းပြနေပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၈ ပွဲမှာ ၁၃ ဂိုးသွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန် အာဆင်နယ်အသင်းနဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ဟာလန်း က ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အမ်မရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဟာလန်း ကို ၇၆ မိနစ်အကြာမှာ လူစားလဲခဲ့ရပြီး နောက်ပိုင်းမှာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ နောက်ကျောမှာ နာကျင်မှု ခံစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ဗုဒ္ဓဟူးနေ့ညက ဟတ်ဒါစဖီးလ်ဒ်တောင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြ ဂွါဒီယိုလာ ကတော့ ဟာလန်း ဟာ ဘန်လေ အသင်းနဲ့ပွဲစဉ်မှာ အပြည့်အဝ ကြံ့ခိုင်မှုရှိမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
သောကြာနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဟာလန်း အကြောင်း မေးမြန်းခဲ့ရာမှာ နည်းပြက “သူ အသင့်ဖြစ်ပါပြီ” လို့ ရိုးရိုးရှင်းရှင်းပဲ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ဟာလန်း ပါဝင်နိုင်တာကြောင့် နည်းပြ ဂွါဒီယိုလာ ဟာ လူရွေးချယ်ရခက်တဲ့ အခြေအနေကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တခြား အထောင်တိုက်စစ်မှူး အိုမာ မာမွတ်ရှ် က လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရလို့ပါပဲ။
ရာယန် ချာကီ နဲ့ ရာယန် အိုက်နူရီ တို့ဟာလည်း ဒဏ်ရာရရှိနေပြီး ခူစာနော့ဗ် ဟာလည်း အမ်မရိတ်စ်ကွင်းမှာ ပထမပိုင်းအပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဒါပေမဲ့ ပိုပြီး ကောင်းမွန်တဲ့သတင်းတစ်ခုကတော့ နည်းပြ ဂွါဒီယိုလာ က ပြီးခဲ့တဲ့ရာသီကတည်းက မကစားရသေးတဲ့ မာတီယို ကိုဗာချစ် ဟာ လန်လေအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိနိုင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
“ကိုဗာချစ် ပြန်လာတာက အများကြီး ကူညီပါလိမ့်မယ်။ ဒါက ခွဲစိတ်မှု လုပ်ရတဲ့ ဒဏ်ရာရှည်တစ်ခုပါ၊ ဒါပေမဲ့ သူ ပြင်ဆင်နေပါတယ်။ သူ အပြည့်အဝ အဆင်သင့်မဖြစ်သေးပါဘူး၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကောင်းမွန်လာပါလိမ့်မယ်” လို့ နည်းပြက ပြောပါတယ်။ စနေနေ့ရဲ့ ပွဲစဉ်ကတော့ မန်စီးတီး အသင်းဖော်ဟောင်း ကိုင်လ် ဝေါလ်ကာ ဟာ ဇန်နဝါရီလက ကလပ်ကနေ ထွက်ခွာခဲ့ပြီးနောက် အီတီဟတ် ကွင်းကို ပထမဆုံးအကြိမ် ပြန်လာတဲ့ပွဲစဉ်လည်း ဖြစ်ပါလိမ့်မယ်။
အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ ဝေါလ်ကာ ဟာ ၇ နှစ်ကျော်ကာလပတ်လုံး မန်စီးတီး အတွက် အဓိကကစားသမားဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းမှာ အေစီ မီလန် အသင်းကို အငှားထွက်ခွာခဲ့ပြီးနောက် ဒီနွေရာသီမှာ ဘန်လေ အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ “လူတိုင်းက သူ့ကို မြင်တွေ့ရတာ ပျော်ရွှင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“ဒါက ကျွန်တော်တို့အတွက် မယုံနိုင်စရာနှစ်အနည်းငယ်ပါပဲ။ သူဟာ ပြီးခဲ့တဲ့ ၉ နှစ် သို့မဟုတ် ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့ ဒီနေရာမှာ ရှိနေခဲ့တဲ့အချိန်ကို သတ်မှတ်ပေးခဲ့တဲ့ ညာနောက်ခံလူပါပဲ။ကျွန်တော်တို့ရဲ့ ပရိသတ်တွေရဲ့ ကျေးဇူးတင်မှုကို သူ ရရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” “သူ ဒါကို လုံးဝ ထိုက်တန်ပါတယ်။ သူဟာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါပဲ” လို့ နည်းပြ ဂွါဒီယိုလာ က ချီးကျူးခဲ့ပါတယ်။