The network connection is lost.

Banner Image

ဒဏ်ရာပြဿနာအကျပ်အတည်းကြောင့် ကွင်းလယ်ပိုင်းအစီအမံသစ်တစ်ရပ်ကို ချပြလိုက်တဲ့ ပက်ဂွါဒီယိုလာ

ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာပဲ ရိုဒရီရှိနေတဲ့ ဒဏ်ရာရကစားသမားစာရင်းဆီ ဖိုဒန်နဲ့ ကိုဗာဆစ်တို့ပါ ဆက်သွယ်သွားခဲ့လို့ မန်စီးတီးအသင်းကွင်းလယ်ပိုင်းအကျပ်အတည်းက ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက ဖနောင့်ပြဿနာတစ်ခုနဲ့အတူ လာမယ့်အောက်တိုဘာလမတိုင်ခင်အထိ ကိုဗာဆစ် အနားယူရနိုင်တယ်လို့ အတည်ပြုပြီးနောက် No.6 Role အတွက် အဖြေရှာဖို့ အခက်တွေ့လာခဲ့ပါတယ်။ ဒါ့အပြင် ဖိုဒန်ရဲ့ဆုတ်ယုတ်မှုတစ်ခုကလည်း ပက်ဂွါဒီယိုလာအတွက် ရာသီအစောပိုင်းရွေးချယ်မှုတွေမှာ ခေါင်းခဲစရာတွေ ဖြစ်ပေါ်စေပါတယ်။

မန်စီးတီးက အဓိကကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်နဲ့ ကိုဗာဆစ်တို့ မပါဝင်ဘဲ ရာသီသစ်ကို စတင်သွားရပါလိမ့်မယ်။ ဒါ့အပြင် ရိုဒရီကလည်း ပေါင်ခြံဒဏ်ရာကြောင့် ရာသီအဖွင့်လိဂ်ပွဲစဉ်သုံးခုကို လွဲချော်ပါလိမ့်မယ်။ အစောပိုင်းမှာ ကာလတိုအဖြစ်သာ သတ်မှတ်ခဲ့ပေမယ့် အခုတော့ ကိုဗာဆစ်လည်း အောက်တိုဘာလအထိ မန်စီးတီးအတွက် မကစားပေးနိုင်တော့ပါဘူး။ ဖိုဒန်မှာလည်း ဒဏ်ရာပြဿနာတစ်ခု ရှိလာခဲ့ပြီးနောက် ပက်ဂွါဒီယိုလာအတွက် စီနီယာအဆင့်ကွင်းလယ်ပိုင်းရွေးချယ်ခွင့် ရှားပါးလာခဲ့ပါတယ်။ အခုတော့ ကတ္တလန်သားနည်းဗျူဟာရှင်က ဘောလုံးရာသီအစပိုင်းအတွက် သူ့ရဲ့ကွင်းလယ်ပိုင်းအစီအမံကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

No.6 နေရာအတွက်ရွေးချယ်ခွင့်နဲ့ပတ်သက်ပြီး ပက်ဂွါဒီယိုလာက “ ကျွန်တော်တို့မှာ သုံးဦးရှိပါတယ်။ ကိုဗာဆစ်ကတော့ လာမယ့်စက်တင်ဘာ(သို့မဟုတ်)အောက်တိုဘာလအထိ ဒဏ်ရာရရှိနေပါလိမ့်မယ်။ ရိုဒရီကတော့ ခြောက်လကြာပြီးနောက် ပြန်လာနေပါပြီ။ ဒါ့အပြင် နီကိုဂွန်ဇာလက်ဇ်လည်း ရှိနေပါသေးတယ်။ အခြားသူတွေလည်း ဒီနေရာမှာ ကစားနိုင်ပေမယ့် သူတို့တွေက တိုက်စစ်ကို ပိုလိုက်လေ့ရှိပါတယ်။ သူတို့တွေက ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ နေရာယူရတာကို ပိုကြိုက်ကြပါတယ်။ ဂမ်ဒိုဂန်လည်း ဒီနေရာမှာ ကစားနိုင်သလို ရိန်ဒါစ်လည်း ကစားနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတိုင်း ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် သူတို့ရဲ့နေရာယူမှုတွေဟာ ပိုပြီးတော့ ရှေ့ရောက်လာနိုင်ပါတယ်”လို့ သတင်းမီဒီယာတွေဆီ ရှင်းပြပါတယ်။

ရိုဒရီမကစားနိုင်သေးချိန် အသင့်တော်ဆုံးရွေးချယ်ဖြစ်တဲ့ ကိုဗာဆစ်ပါ ဒဏ်ရာရရှိနေလို့ အသင်းကို သိသိသာသာထိခိုက်စေပါတယ်။ အတိတ်မှာ “ရိုဒရီအသေးစားလေး”လို့ ပက်ဂွါဒီယိုလာကိုယ်တိုင် ကင်ပွန်းတပ်ခဲ့တဲ့ နီကိုဂွန်ဇာလက်ဇ်အတွက်တော့ ယမန်နှစ်ဘောလုံးရာသီနှောင်းပိုင်းကျဆုံးမှုတွေအပြီး အခုအချိန်မှာ သူ့ကိုယ်သူသက်သေပြသွားနိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ရှိလာပါလိမ့်မယ်။ ဒါ့အပြင် လတ်တလောအခြေအနေတွေကြောင့် ပက်ဂွါဒီယိုလာအတွက် ဂမ်ဒိုဂန်(သို့မဟုတ်)ရိန်ဒါစ်တို့ကို ကွင်းလယ်အတွင်းပိုင်းနေရာမှာ စမ်းသပ်အသုံးပြုသွားဖို့ တွန်းအားတွေ ရှိလာနိုင်ပါတယ်။

ရိုဒရီနဲ့ ကိုဗာဆစ်မကစားနိုင်ချိန် ပက်ဂွါဒီယိုလာရဲ့အသင်းက ဝုဗ်၊ တော့တင်ဟမ်၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်သွားရပါမယ်။ ဒါကြောင့် သူတို့အသင်းကွင်းလယ်ပိုင်းတည်ဆောက်ပုံကို ပွဲစဉ်(၁)မှစတင်ကာ ရှုစားသွားရပါလိမ့်မယ်။ မန်စီးတီးအသင်းရဲ့ No.6 Role အတွက် နီကိုဂွန်ဇာလက်ဇ် ပွဲထွက်လာနိုင်သလို အခြားသူတွေကလည်း လိုအပ်လာရင် ပါဝင်ကစားပေးသွားနိုင်ပါတယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်ကတော့ ဒီအကျပ်အတည်းတွေ ပိုပြီးမဆိုးရွားလာစေဖို့ အဓိကကစားသမားတွေ အမြန်ဆုံးပြန်လာနိုင်စေမယ့်လမ်းကို မျှော်လင့်နေပါလိမ့်မယ်။