
ပင်နယ်တီကာကွယ်မှုနဲ့ပတ်သက်လို့ ရီးရဲလ်စတားနဲ့ လောင်းကြေးထပ်ခဲ့ကြောင်း ဗလန်စီယာဂိုးသမား ထုတ်ဖော်ပြောကြား
ဗလန်စီယာဂိုးသမား မာမာဒါရှီဗီလီက ပင်နယ်တီကာကွယ်မှုနဲ့ပတ်သက်ပြီး ဗင်နီဆီးယက်စ်နဲ့ ယူရို ၅၀ ကြေး လောင်းကြေးထပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပွဲအပြီးမှာ ဂျော်ဂျီယာသားက ဘရာဇီးသားနဲ့ လောင်းကြေးထပ်ခဲ့တယ်ဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ ဗင်နီဟာ အဆိုပါပွဲမှာ ပင်နယ်တီကန်သွင်းခဲ့ပြီး တကယ်လို့ သူဂိုးဝင်ခဲ့မယ်ဆိုရင် မာမာဒါရှီဗီလီအနေနဲ့ ယူရို ၅၀ ပေးရမယ်လို့ ပြောကြားခဲ့သလို မဝင်ခဲ့ရင် ဗင်နီဘက်ကပေးရမယ်လို့ သဘောတူခဲ့ကြပါတယ်။
သေးငယ်တဲ့လောင်းကြေးဖြစ်ပေမယ့် ဗလန်စီယာဂိုးသမားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးသတင်းထောက်တွေကို ပြောကြားရာမှာ မာမာက “ကျွန်တော် ယူရို ၅၀ အနိုင်ရခဲ့ပါတယ်။ ဗင်နီကို ပင်နယ်တီနဲ့ပတ်သက်ပြီး လောင်းကြေးထပ်မလားဆိုပြီး မေးခဲ့ပါတယ်။ သူကလည်းလောင်းမယ်ဆိုပြီးပြောခဲ့ပါတယ်။ ပွဲအပြီးမှာ သူပေးချေရမှာပါ။ ဗင်နီပေးပြီးလားဆိုတော့ မပေးသေးပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
မာမာဒါရှီဗီလီရဲ့ပင်နယ်တီကာကွယ်မှုက ဗလန်စီယာအတွက် အရေးပါခဲ့ပြီး ရီးရဲလ်အသင်းကို အနိုင်ရရှိစေခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ကိုအနိုင်ရခဲ့တာကြောင့် ဗလန်စီယာအသင်းဟာ တန်းဆင်းဇုန်ရဲ့အထက် ၇ မှတ်အကွာအထိ ရောက်လာခဲ့ပါတယ်။ သောကြာနေ့မှာ ဗလန်စီယာက ဆီဗီလာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ရီးရဲလ်အသင်းကတော့ လာမယ့်အင်္ဂါနေ့မှာ အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။