
ပါးမားရဲ့အနာဂတ်ကြယ်ပွင့် လီအိုနီကို ယူရို ၃၅ သန်းဖြင့်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူး
လီဗာပူးအသင်းက ပါးမားအသင်းရဲ့ဆယ်ကျော်သက်နောက်ခံလူ ဂျီယိုဗန်နီလီအိုနီကို ပြောင်းရွှေ့ကြေးယူရို ၃၅ သန်း(ပေါင်သန်း ၃၀/ဒေါ်လာ ၄၁ သန်း)ဖြင့်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ကလပ်အသင်းနှစ်ခုအကြား ယူရို ၃၅ သန်းတန် သဘောတူညီမှုတစ်ခုနဲ့အတူ ကြိုးကြာနီတွေဆီ အသက်-၁၈ နှစ်အရွယ်ကစားသမား လီယိုနီ ပူးပေါင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အစောပိုင်းမှာ လီဗာပူးက ခရစ္စတယ်ပဲလေ့စ်ဗဟိုခံစစ်မှူးဂူဟီကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အီးဂဲလ်ကပ္ပတိန်ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်နေလိုတဲ့ဆန္ဒနဲ့အတူ အပြောင်းအရွှေ့အကျပ်အတည်းနဲ့ ရင်ဆိုင်လာရပြီးနောက် အခုသတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
လီယိုနီက ပါးမားစီနီယာအသင်းအတွက် ၁၇ ပွဲသာ ကစားထားရပေမယ့် ဗန်ဒိုက်နေရာဆက်ခံနိုင်သူအဖြစ် အန်ဖီးလ်အကြီးအကဲတွေရဲ့ရှုမြင်သုံးသပ်ချက်ကို ရယူထားနိုင်သူ ဖြစ်ပါတယ်။ ဒီလူငယ်လေးက ဗဟိုခံစစ်နေရာနှစ်ခုလုံးရော၊ ညာအစွန်ခံစစ်ပိုင်းမှာပါ ကစားနိုင်စွမ်းရှိပါတယ်။
လီဗာပူးက အခုအပြောင်းအရွှေ့ဈေးကွက်အတွင်း အပြင်းအထန်လှုပ်ရှားနေပြီး အခုနွေရာသီ၊ အန်ဖီးလ်မှခေါ်ယူထားတဲ့ သတ္တမမြောက်ကစားသမားသစ်ဟာ လီယိုနီ ဖြစ်လာနိုင်ပါတယ်။ သူတို့တွေက အနာဂတ်အတွက် ဖလော်ရီယန်ဝစ်ဇ်နဲ့ ဟူဂိုအီကီတီကီတို့ကို ခေါ်ယူထားခဲ့ပေမယ့် လီယိုနီကိုလည်း ဘွန်ဒက်စ်လီဂါကစားသမားဟောင်းတွေလိုပဲ ရှုမြင်ထားလိမ့်မယ်ဆိုတာ သေချာပါတယ်။ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းကို လာမယ့်သောကြာနေ့မှာ ဘုန်းမောက်ကိုဧည့်ခံကစားရင်း စတင်သွားပါလိမ့်မယ်။