
အာဂျင်တီးနားရဲ့ စက်တင်ဘာကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းမှာ မက်ဆီပါဝင်လာ
အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရသလို၊ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိဖို့ ရုန်းကန်နေရပေမယ့် စက်တင်ဘာလမှာကျင်းပသွားမယ့် တောင်အမေရိကန်ဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့ အာဂျင်တီးနားလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်စက်တင်ဘာလ ဗင်နီဇွဲလား၊ အီကွေဒေါတို့နဲ့ ယှဉ်ပြိုင်သွားရမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် ကစားသမား ၃၁ ဦးရွေးချယ်ခဲ့ပြီး အဆိုပါလူစာရင်းထဲမှာ မက်ဆီကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်တာကြောင့် ယခုတစ်ခေါက်လူစာရင်းထဲမှာ လူငယ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူး ကလော်ဒီယိုအီချီဗာရီ၊ ပေါ်တိုကွင်းလယ်လူ အလန်ဗာရီလာနဲ့ ရီးရဲလ်တိုက်စစ်ကစားသမား ဖရန်ကိုမာစတန်တူအိုနိုတို့ကိုလည်း ရွေးချယ်ခေါ်ယူထားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နည်းပြ လီယွန်နယ်စကာလိုနီဟာ ဘရာဇီးကလပ် ပါမီးရက်စ်တိုက်စစ်မှူး ဂျို့စ်မန်နူရယ်လိုပက်ဇ်ကိုလည်း ပထမဆုံးအကြိမ် အာဂျင်တီးနားအသင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ အာဂျင်တီးနားဟာ ဗင်နီဇွဲလားကို စက်တင်ဘာလ ၄ ရက်နေ့ မိုနူမန်တယ်အားကစားကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၅ ရက်အကြာမှာ အီကွေဒေါနဲ့ဆက်လက်ကစားသွားရမှာဖြစ်ပါတယ်။
လက်ရှိတောင်အမေရိကန်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုကို အာဂျင်တီးနားက ထိပ်ဆုံးကနေ ၁၀ မှတ်ဖြတ်ဦးဆောင်ထားပြီး ဒုတိယနေရာမှာ အီကွေဒေါနဲ့ တတိယနေရာမှာ ဘရာဇီးတို့ အသီးသီးရပ်တည်နေကြပါတယ်။