
ထရိုဆက်ကို ယခုနွေရာသီအတွင်း အသင်းမှာပဲဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ်တိုက်စစ်ကြယ်ပွင့် လီအန်ဒရိုထရိုဆက်ဟာ ယခုနွေရာသီအတွင်း အမ်းမရိတ်စ်မှထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပေမယ့် ယခုအခါမှာတော့ အာဆင်နယ်ဘက်က ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။
ယခုနွေရာသီအတွင်း အာဆင်နယ်ဟာ တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းထားတာကြောင့် ထရိုဆက်အနေနဲ့ ပုံမှန်နေရာရရှိဖို့ အသင်းသစ်ကိုရှာဖွေရမယ်လို့ ယူဆခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ဗစ်တာယော်ကရက်စ်နဲ့ နိုနီမာဒူကီတို့ကိုခေါ်ယူထားပြီးဖြစ်ပေမယ့် နည်းပြမီခေးလ်အာတီတာအနေနဲ့ ထရိုဆက်ကိုလည်း အသင်းမှာဆက်လက်အသုံးပြုလိုနေတာဖြစ်ပါတယ်။
ထရိုဆက်ဟာ အာဆင်နယ်မှာဆက်လက်နေထိုင်သွားမှာဖြစ်ပေမယ့် သူ့ရဲ့လက်ရှိစာချုပ်ကိုတော့ သက်တမ်းတိုးခွင့်ရမှာမဟုတ်ကြောင်း The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။ ထရိုဆက်ဟာ ယူနိုက်တက်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ အရန်လူစာရင်းမှာပါဝင်ခဲ့ပေမယ့် လူစားလဲဝင်ရောက်ခွင့်မရခဲ့ပါဘူး။ အာတီတာဟာ ယူနိုက်တက်နဲ့ပွဲမှာ ဂါဘရီရယ်မာတင်နယ်လီကို ပွဲထုတ်ခဲ့ပြီး မာဒူကီကိုလည်း လူစားလဲဝင်ရောက်စေခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ အာဆင်နယ်အတွက် စုစုပေါင်း ၁၂၄ ပွဲပါဝင်ကစားပြီး ၂၈ ဂိုးအထိ သွင်းယူပေးထားကာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုမှာ အဓိကအခန်းကဏ္ဍကနေ ကူညီပေးနိုင်ခဲ့ပါတယ်။ ထရိုဆက်ဟာ တိုက်စစ်ပိုင်းနေရာစုံမှာ စွယ်စုံရတဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့်လည်း နည်းပြအာတီတာအနေနဲ့ လက်လွှတ်လိုက်ရဖို့ တွန့်ဆုတ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမှတ်ပေးဇယားအတွင်း ဒုတိယနေရာနဲ့ရာသီသိမ်းခဲ့ရတဲ့အရေအတွက်ဟာ ၉ ကြိမ်အထိရှိနေတာကြောင့် အများဆုံးအနေနဲ့ စံချိန်တင်ထားပြီး ဒုတိယနေရာမှာတော့ ယူနိုက်တက်က ၇ ကြိမ်နဲ့ရပ်တည်နေပါတယ်။
ထရိုဆက်ဟာ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပေါင်ဒဏ်ရာရခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီး လာမယ့်စနေနေ့ လိဒ်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံသားကို လိဒ်နဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် မြင်တွေ့သွားရဖွယ်ရှိနေပါတယ်။