မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးဝင်ရောက်မယ့် အလားအလာအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ ဆိုးရှား
မိုက်ကယ်ကာရစ် ရုန်းကန်နေရချိန် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးဆီ ပြန်လည်ရောက်ရှိလာနိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ ဆိုးရှားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အခုဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်က ပြိုင်ပွဲစုံ ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုမှတ်တမ်း ပိုင်ဆိုင်ထားသလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာအထိ ရောက်ရှိနေပါတယ်။
သူတို့ရဲ့နောက်ဆုံးနိုင်ပွဲကတော့ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ချန်ပီယံလိဂ်မှာ အနိုင်ရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ဆာဘတ်နဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။
နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲအထိ ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်မှာ အသင်းဘုတ်အဖွဲ့က ကာရစ်မပါဝင်တဲ့အနာဂတ်အတွက် ပြင်ဆင်နေပြီး လာမယ့်နိုင်ငံတကာသီတင်းပတ်ကာလအတွင်း ကာရစ်ကို ထုတ်ပယ်သွားလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
လာမယ့်သီတင်းပတ်ကုန်၊ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် နည်းပြခုံတန်းမှာ ကာရစ်ဆက်ရှိနေဖို့ သေချာနေပေမဲ့ ဖိအားတွေ မြင့်တက်လာချိန် ကမ်းလှမ်းမှုသာရရှိလာရင် အိုးထရက်ဖို့ဒ်ဆီ ပြန်လာဦးမလားဆိုတဲ့ မေးခွန်းတစ်ခု ဆိုးရှားအတွက် ပေါ်ပေါက်လာပါတယ်။
ဆိုးရှားက "အတိတ်အကြောင်းအရာတွေဆီ ပြန်သွားတယ်ဆိုတာ အမြဲတမ်းတော့ မကောင်းမွန်နေပါဘူး။ ဟုတ်ပါတယ်၊ အာမိုရင်ထုတ်ပယ်ခံရပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ယာယီနည်းပြဖြစ်လာမယ့်သူစာရင်းမှာ ကျွန်တော် ပါဝင်ခဲ့ဖူးပေမဲ့ နွေရာသီထက်တော့ ပိုကြာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ တခြားတစ်ဦးဦးနဲ့ စမ်းသပ်ကြည့်ဖို့ အချိန်တန်ပြီလို့ ယူဆခဲ့ပါတယ်"
"ပြီးတော့ မပြီးပြတ်သေးတဲ့အရာတချို့ ကျန်နေသေးသလိုလည်း ကျွန်တော် ခံစားရပါတယ်။ ဒီအခွင့်အရေးမျိုး နောက်တစ်ကြိမ်ထပ်ရရင်တော့ သေချာပေါက်ကောင်းပါလိမ့်မယ်" လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ဆိုးရှားက "အကယ်၍ ကာရစ်သာ ၁၀ နှစ်လောက် ကောင်းကောင်းစွမ်းဆောင်ပေးပြီးမှ အနားယူဖို့ ဆုံးဖြတ်ခဲ့လို့ ကျွန်တော့်ကို ၂ လလောက် တာဝန်ယူပေးနိုင်မလားလို့ မေးလာခဲ့ရင်တော့ သေချာပေါက် ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် ဒီကလပ်မှာ ၁၈ နှစ်၊ ၁၉ နှစ်လောက် ဖြတ်သန်းခဲ့ဖူးလို့ မိသားစုလို ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါက လက်ရှိ ကျွန်တော်စဉ်းစားနေတဲ့ အရာတော့ မဟုတ်ပါဘူး"
"ဒီကလပ်အသင်းကို ဦးဆောင်လမ်းပြခေါ်ဆောင်သွားနိုင်မယ့် အရည်အသွေးတွေ ကာရစ်ဆီမှာ ရှိပါတယ်။ သူက သင့်တော်တဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ သူက ကလပ်အသင်းကို နားလည်တယ်၊ ပရိသတ်တွေကိုလည်း နားလည်သလို ဘာတွေလိုအပ်လဲဆိုတာကိုလည်း သိထားပါတယ်" လို့ ဆိုပါတယ်။
ဆိုးရှားက ယူနိုက်တက်ကို ပြိုင်ပွဲစုံ ၁၆၈ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးရပ်တည်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲဆီလည်း ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါ့အပြင် သူက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီမှ ၂၀၂၁ ခုနှစ် အောက်တိုဘာအထိ ပရီးမီးယားလိဂ်အဝေးကွင်း ၂၉ ပွဲဆက်ရှုံးပွဲမရှိ စံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပြီး ရာထူးမှထုတ်ပယ်ခံခဲ့ရပေမဲ့ ၂၀၁၃ ခုနှစ်၊ ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ရရှိခဲ့တဲ့နည်းပြတွေအနက် အကောင်းဆုံးနည်းပြတစ်ဦး ဖြစ်တယ်ဆိုတာ ငြင်းဆန်လို့ မရနိုင်ပါဘူး။