The network connection is lost.

Banner Image

ဘာစီလိုနာနဲ့စာချုပ်သစ်ချုပ်ဆိုပြီးနောက် ကျောနံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်သွားမယ့် ယာမယ်လ်

ဘာစီလိုနာရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ အသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီပြီးနောက် လာမယ့်ရာသီမှာ ကလပ်ဂန္ထဝင်လီယွန်နယ်မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်သွားမယ်လို့ အတည်ပြုလာခဲ့ပါတယ်။ 

ဘာစီလိုနာဟာ ယာမယ်လ်ကို ၂၀၃၁ ခုနှစ်အထိစာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပြီး မကြာသေးမီက အသင်းဖော် အန်ဆူဖာတီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ကျောနံပါတ် ၁၀ အင်္ကျီကို ကလပ်ဂန္ထဝင်တွေဖြစ်ခဲ့ကြတဲ့ မက်ဆီ၊ ဒီယေဂိုမာရာဒိုနာနဲ့ ရော်နယ်ဒင်ဟိုတို့ဝတ်ဆင်ခဲ့ကြပြီး မကြာသေးမီကနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ ဖာတီကတော့ ယခုအခါမှာပြင်သစ်ကလပ်မိုနာကိုသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ရမယ့်အပေါ် ယာမယ်လ်က "မက်ဆီက သူ့လမ်းကြောင်းအတိုင်းသူလျှောက်ခဲ့သလို၊ ကျွန်တော်ကလည်း ကိုယ့်လမ်းကြောင်းပေါ် ကိုယ်လျှောက်သွားမှာပါ။ မက်ဆီ၊ မာရာဒိုနာနဲ့ ရော်နယ်ဒင်ဟိုတို့က ဘောလုံးလောကရဲ့ဂန္ထဝင်တွေပါ။ မယုံနိုင်လောက်အောင်ထူးချွန်တဲ့ကစားသမားတွေဖြစ်ခဲ့ကြပါတယ်။ မက်ဆီဆိုရင်အခုအထိ ထိပ်တန်းခြေစွမ်းနဲ့ကစားနေတုန်းပါ။ သူတို့ရဲ့အမွေအနှစ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

စပိန်လက်ရွေးစင်ဟာ မကြာသေးမီကမှ အသက်-၁၈ နှစ်ပြည့်ထားခဲ့တာဖြစ်ပေမယ့် ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားတဲ့အထိ ခြေစွမ်းကောင်းတွေကို တည်တည်ငြိမ်ငြိမ်ပြသထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယာမယ်လ်ဟာ ဘာစီလိုနာအတွက် လာလီဂါနဲ့ ကိုပါဒယ်ရေးဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့သလို၊ အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေမြင်တွေ့ရဖို့ရှိနေပါသေးတယ်။ အခုလို ဘာစီလိုနာဘက်ကလည်း ယာမယ်လ်ကို ကျောနံပါတ် ၁၀ အင်္ကျီပေးအပ်ခဲ့ခြင်းမှာ လူငယ်ကစားသမားဟာ အသင်းအတွက်ဘယ်လောက်အထိအရေးပါတယ်ဆိုတာ ပြသ သလိုလည်းဖြစ်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ စာချုပ်သစ်အရ ယာမယ်လ်ဟာ ဘာစီလိုနာမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၂ သောင်းကျော်ရရှိသွားမှာဖြစ်လို့ အခြေခံလစာအနေနဲ့ တစ်ရာသီကို ပေါင် ၁၂.၅ သန်းအထိ ရရှိသွားမှာဖြစ်ပြီး ဘောနပ်စ်တွေပါထပ်ပေါင်းထည့်ရင်တော့ ပေါင် ၁၇ သန်းအထိရရှိသွားနိုင်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ယာမယ်လ်ဟာ ယခုတစ်ပတ်အတွင်းပြန်လည်စတင်သွားမယ့် ဘာစီလိုနာရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ အသင်းသို့ပြန်လာမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ယာမယ်လ်အနေနဲ့ ကျောနံပါတ် ၁၀ အင်္ကျီဝတ်ဆင်ပြီး အသင်းအတွက် ပိုမိုတောက်ပတဲ့ခြေစွမ်းတွေပြသနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။