
အသင်းဖော်ကို ချီးကျူးစကားဆိုလိုက်တဲ့ ရီးရဲလ်စတား အမ်ဘာပေ
ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေက အသင်းဖော် ဗင်နီဆီးယက်စ်ရဲ့ခြေစွမ်းကိုချီးကျူးလိုက်ပြီး ဒီရာသီမှာ နောက်တစ်ဆင့်ကို ခေါ်ဆောင်ပေးနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပြင်သစ်သားဟာ ဒီရာသီအတွဲညီနေမှုကို အခိုင်အမာပြောကြားလိုက်ပြီး နည်းပြ အလွန်ဆိုရဲ့အရန်ခုံမှာထားရှိမှုတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဘာပေရီးရဲလ်ပြောင်းလာပြီးကတည်းက ဗင်နီဟာ တိုးတက်လာခဲ့တာဖြစ်ပြီး အတွဲညီလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗင်နီရဲ့စွမ်းဆောင်ရည်အနည်းငယ်ကျဆင်းလာခဲ့တာက အလွန်ဆိုလက်အောက်မှာ ပွဲထွက်ခွင့် အာမခံချက်မရှိတော့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေရှိနေပေမယ့် ၂ ဦးစလုံးက တစ်ဦးနဲ့တစ်ဦးထောက်ခံအားပေးကာ တိုက်စစ်မှာ အချိတ်အဆက်ရှိရှိနဲ့ အတူတူအောင်မြင်မှုရယူချင်နေပါတယ်။
ဘာပေက မိမိတို့ဆက်ဆံရေးအပြင် အတွဲညီမှုက အခုနှစ်မှာပိုကောင်းလာမယ်လို့ အခိုင်အမာပြောကြားခဲ့သလို အသင်းဖော် ဗင်နီဟာ ကစားသမားကောင်း နဲ့ လူကောင်းတစ်ဦးလို့ ပြောကြားလိုက်ပါတယ်။ ၂ ဦးစလုံးက ဒီရာသီလာလီဂါ ၃ ပွဲစလုံးမှာ ဂိုးသွင်းထားနိုင်ခဲ့ပြီး မနှစ်က ၂၆ ပွဲမှာ အခုလိုသွင်းယူနိုင်တဲ့စံချိန်ကို လိုက်မီထားနိုင်ခဲ့ပါတယ်။
အသင်းဖော် ဗင်နီနဲ့ကြားက နားလည်မှု ကို ဘာပေက အခုလိုမျိုးရှင်းပြခဲ့ပါတယ်။ “ကျွန်တော် နဲ့ ဗင်နီကြားမှာ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။ ဒီနှစ်မှာ အဲ့တာကပိုကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ဦးအကြောင်း တစ်ဦးပိုသိလာတာကြောင့်ပါ။ သူက ကစားသမားကောင်းဖြစ်သလို ကောင်းမွန်တဲ့လူပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ လူတွေက ကျွန်တော်တို့အကြောင်းပြောကြတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ တူညီတဲ့ဂိုးအနေအထားရှိနေပါတယ်။ အသင်းကိုလည်း ဆုဖလားတွေရယူပေးချင်ပါတယ်။ တကယ်လို့ ဆုဖလားတွေရယူချင်တယ်ဆိုရင် ကျွန်တော်တို့ ပိုကောင်းဖို့လိုအပ်ပါတယ်”လို့ ဘာပေက ဖြေကြားခဲ့ပါတယ်။
အလွန်ဆိုလက်အောက်မှာ အလှည့်ကျကစားနေရတာအပြင် စာချုပ်သစ်အဆင်မပြေတာကြောင့် ဗင်နီနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေက ကျယ်လောင်နေပါတယ်။သတင်းတွေအရ ဘရာဇီးသားဟာ ဘာပေကိုကျော်ဖြတ်ပြီး အသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်ချင်နေတယ်လို့ သိရပါတယ်။
ကွင်းပြင်ပမှာ အခုလိုသတင်းတွေထွက်နေပေမယ့် ဘာပေကတော့ ၂ ဦးကြားမှာ ဘာပြဿနာမှမရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်တွေလာနေပြီဖြစ်ကာ ဂီတာဖေး ၊ ဂျူဗင်တပ်စ် ၊ ဘာစီလိုနာ ၊ ဗလန်စီယာ နဲ့ လီဗာပူးတို့ကို ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ အာနိုးလ် နဲ့ ကာဗာဂျယ်တို့ဒဏ်ရာရရှိနေပြီး အလွန်ဆိုအနေနဲ့ နည်းစနစ်ပိုင်းကို သေချလေးပြင်ဆင်ရဖွယ်ရှိနေပါတယ်။