The network connection is lost.

Banner Image

အသင်းရဲ့နောက်တန်းကိုမကူညီပါက အမ်ဘာပေကိုပါ လူစာရင်းကနေချန်လှပ်သွားမယ်လို့ အလွန်ဆိုသတိပေး

ရီးရဲလ်မက်ဒရစ်နည်းပြသစ် ဇာဘီအလွန်ဆိုက အသင်းရဲ့ကစားသမားတိုင်းဟာ နောက်တန်းကိုကူညီဖို့ တာဝန်ရှိကြောင်းနဲ့ ကူညီခြင်းမရှိပါက စူပါစတားတိုက်စစ်မှူး ခီလီယန်အမ်ဘာပေအပါအဝင် ဘယ်ကစားသမားကိုမဆို လူစာရင်းနေချန်လှပ်သွားမှာဖြစ်တယ်လို့ သတိပေးပြောကြားလာခဲ့ပါတယ်။ 

နည်းပြဆိုင်မွန်အင်ဇာဂီရဲ့ အယ်လ်ဟီလယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ အလွန်ဆိုက အခုလိုပဲ ကစားသမားတွေကိုစတင်သတိပေးလာခဲ့တာဖြစ်ပြီး ကြိုးစားအားထုတ်မှုမရှိပါက ရီးရဲလ်မက်ဒရစ်မှာနေရာရမှာမဟုတ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ကာလိုအန်ဆယ်လော့တီလက်အောက်မှာ ရီးရဲလ်မက်ဒရစ်ဟာ နောက်တန်းပိုင်းအားနည်းချက်တွေကြောင့် ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ရာသီသိမ်းခဲ့ရပါတယ်။ ဒါကြောင့် အလွန်ဆိုက အခုလိုပဲ ဆန်တီယာဂိုဘာနေဗျူးသို့စတင်ရောက်ရှိလာကတည်းက နောက်တန်းကိုကူညီဖို့ ကစားသမားတွေကို တွန်းအားပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ နောက်တန်းကိုအင်အားဖြည့်တင်းဖို့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်နဲ့ ဒင်းန်ဟွိုန်ဆန်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ လေဗာကူဆင်နည်းပြဟောင်းက "အသင်းမှာနောက်တန်းကိုမကူညီတဲ့ကစားသမားက ပထမအကြိမ် သတိပေးခံရပါမယ်။ ဒုတိယတစ်ကြိမ်ဆိုရင်တော့ လူစာရင်းကနေထုတ်ပယ်ခံရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အလွန်ဆိုက ရီးရဲလ်မက်ဒရစ်ရဲ့ကစားသမားတစ်ယောက်ချင်းစီတိုင်းဟာ သူတို့ရဲ့အမြင့်မားဆုံးသောစွမ်းဆောင်ရည်တွေကို အသင်းအတွက်ပေးဆပ်သွားရမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ လာမယ့်ဇွန်လ ၁၉ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့်ပထမဆုံးပွဲစဉ်အဖြစ် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်နဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အလွန်ဆိုအနေနဲ့ ပွဲဦးထွက်မှာ အသင်းသစ်နဲ့အတူ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။