ဆွီဒင်နိုင်ငံမှာ ချစ်သူထက်တောင် ပိုကျော်ကြားတဲ့ ကူလူဆက်ဗ်စကီးရဲ့ ကောင်မလေး အယ်ဒီနာ
ဘောလုံးသမားတွေမှာ သူတို့ရဲ့ချစ်သူ၊ ဇနီးတွေက ပိုပြီးကျော်ကြားတယ်ဆိုတာကတော့ ရှားပါးတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ၂၁ နှစ်အရွယ် တော့တင်ဟမ်ကြယ်ပွင့် ဒီဂျန်ကူလူဆက်ဗ်စကီးရဲ့ ချစ်သူလေး ဘောလုံးသမားတစ်ယောက်ပဲ ဖြစ်တဲ့ အယ်ဒီနာအာမစ်ကတော့ ဆွီဒင်မှတ်တမ်း ရုပ်ရှင်တစ်ခုမှာ စုံတွဲလိုက်ပါဝင်ခဲ့ပြီးနောက်မှာ ကူလူဆက်ဗ်စကီးထက်တောင် ပိုကျော်ကြားသွားခဲ့ပါတယ်။
အာမစ်ဟာ အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး စတော့ဟုမ်းမြို့အခြေစိုက်ကလပ် IF Brommapojkarna အသင်းရဲ့ ကွင်းလယ်ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ အာမစ်ဟာ ကစားသမားတစ်ယောက်အဖြစ်ရော ဆွီဒင်ရုပ်သံလိုင်း TV4 Network ရဲ့ TV series အတွက်ပါ ရိုက်ကူးရေးတွေ ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါရှိုးကြောင့်ပဲ ကူလူဆက်ဗ်စကီးထက်တောင် သူမရဲ့ဘဝက အလုပ်တွေပြည့်ကျပ်သွားခဲ့ပါတယ်။
ကူလူဆက်ဗ်စကီးကတော့ “အဲ့ရှိုးက တကယ့်သေးသေးပါ။ ရုပ်သံလိုင်းတွေမှာတောင် ပြခဲ့တာမဟုတ်ပါဘူး။ ဒီအင်တာနက်ပေါ်က app တစ်ခုမှာပဲ ပြခဲ့တာပါ။ အဓိကကတော့ သူ့အကြောင်းရယ်၊ သူဘာတွေလုပ်တယ်ဆိုတာရယ်ကို ပြတာပါ။ တူရင်တို့ လန်ဒန်တို့လို နာမည်ကြီးမြို့ကြီးတွေမှာ နေထိုင်ရတဲ့ ဘဝအကြောင်းကိုပဲ ရိုက်ပြထားတာလောက်ပါပဲ။ ဘောလုံးအကြောင်း နည်းနည်းလေးတောင် မပါပါဘူး ”လို့ ပြောခဲ့ပါတယ်။
အာမစ်နဲ့ ကူလူဆက်ဗ်စကီးတို့ဟာ ၂၀၂၀ မှာ ပါးမားအသင်းအတွက် ကစားရင်း တွေ့ဆုံခဲ့တာလို့ သတင်းတွေက ဖော်ပြကြပါတယ်။ အာမစ်ကိုတော့ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပေမယ့် မိဘတွေကတော့ ဘော့စနီးယားမျိုးရိုး ဖြစ်ကြပါတယ်။ ငယ်ငယ်လေးကတည်းက ဘောလုံးပိုးဝင်ခဲ့ပြီး AIK အသင်းမှာ ကစားသမားဘ၀ စတင်ခဲ့ပါတယ်။ လက်ရှိအသင်းကတော့ ကူလူဆက်ဗ်စကီးရဲ့ ငယ်ဘဝကလပ်အသင်းဖြစ်ပါတယ်။
အင်စတာဂရမ်မှာ သူတို့စုံတွဲရဲ့ ဒိတ်တိုင်းကိုတင်လေ့ရှိပြီး ဖော်လိုဝါ ၁၅၀၀၀ ကျော်ရှိပါတယ်။ Wag ပီသစွာပဲ တန်ဖိုးကြီးပစ္စည်းတွေ အသုံးပြုလေ့ရှိပြီး ဆွီဒင်နိုင်ငံရဲ့ အလှပဂေးလေးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမအများဆုံး သွားလေ့ရှိတဲ့နေရာတွေကတော့ အခြား Wags တွေလို ကမ်းခြေတွေ၊ အပန်းဖြေခရီးတွေမဟုတ်ပဲ ကော်ဖီဆိုင်တွေ၊ ပန်းချီပြခန်းတွေဖြစ်နေတာကတော့ အာမစ်ရဲ့ ထူးခြားချက်ပါပဲ။
ကူလူဆက်ဗ်စကီးကလည်း လန်ဒန်မှာ တဖြည်းဖြည်း အခြေကျလာပြီးဖြစ်လို့ အာမစ်ကလည်း ချစ်သူကောင်လေးထက်တောင် လန်ဒန်မှာပါ ပိုပြီးကျော်ကြားလာဖွယ်ရှိပါတယ်။