The network connection is lost.

Banner Image

မက်ဒီဆင်ဒဏ်ရာရပြီးနောက် ကစားသမားသစ်တွေခေါ်ယူဖို့ အရိပ်အမြွက်ပြောဆိုလိုက်တဲ့ သောမတ်စ်ဖရန့်ခ်

ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာနဲ့အတူ ဘောလုံးရာသီသစ်ရဲ့ကာလအများစုကို မက်ဒီဆင်လွဲချော်ဖို့ သေချာသွားပြီးနောက် သောမတ်စ်ဖရန့်ခ်က ကစားသမားသစ်တွေရှာဖွေဖို့အတွက် ဈေးကွက်ထဲမှာ တော့တင်ဟမ်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်က အခုနွေရာသီအစောပိုင်းမှာပဲ ကွင်းလယ်ပိုင်းအင်အားတိုးမြှင့်နိုင်ဖို့ မော်ဂန်ဂစ်ဝှိုက်ခေါ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတော့ မက်ဒီဆင်ရဲ့ပြင်းထန်ဒဏ်ရာကြောင့် တော့တင်ဟမ်ရဲ့ကွင်းလယ်တိုက်စစ်ပိုင်းက ပိုမိုအားလျော့သွားခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြက “ ယေဘုယျအားဖြင့် ဈေးကွက်ထဲမှာ ကျွန်တော်တို့တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ မှန်ပါတယ်၊ ကစားသမားတွေ ကာလရှည်ဒဏ်ရာရရှိသွားပြီဆိုရင် ကျွန်တော်တို့က ဒီကိစ္စအတွက် အာရုံစိုက်ပေးဖို့ မဖြစ်မနေလိုအပ်လာပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့တွေ ဈေးကွက်ထဲမှာ ရှိနေပါသေးတယ်”လို့ ပြောပါတယ်။

မြောက်လန်ဒန်ကလပ်က ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ရာမှာ ကွင်းလယ်ဖန်တီးနိုင်စွမ်းပြတ်လပ်မှုနဲ့အတူ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ မက်ဒီဆင်ကို အသင်းဆီရောက်ရှိလာချိန်ကတည်းက အဓိကကစားသမားဖြစ်လာခဲ့သူလို့ သတ်မှတ်နိုင်ပြီး သောမတ်စ်ဖရန့်ခ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ ယူဆနိုင်ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ ဒီသတင်းဟာ မက်ဒီဆင်အတွက်ရော၊ အသင်းအတွက်ပါ အလွန်းဆိုးရွားလွန်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မက်ဒီဆင်ကို အမှတ်ရနေလိမ့်မယ်ဆိုတာ သံသယမရှိပါလိုက်ပါနဲ့။ ကျွန်တော်တို့ သူ့ကို အမှတ်ရနေပါလိမ့်မယ်။ ဒါကြောင့် အခုတော့ ခွဲစိတ်ကုသမှုမတိုင်ခင် အရင်ဆုံး ခက်ခဲကြမ်းတမ်းလှတဲ့အခိုက်အတန့်တစ်ခုကို ဖြတ်ကျော်သွားဖို့ပဲ ရှိပါတော့တယ်။ ဒီနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ မျှော်လင့်ချက်မီးတောက်လေး အနည်းငယ်လင်းလာပြီး ရှေ့ဆက်သွားရပါလိမ့်မယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ တော့တင်ဟမ်က ဗီကာရီယို၊ ရိုမဲရိုး၊ ဗန်ဒီဗန်အပါအဝင် အဓိကစားသမားအများစုကို ဒဏ်ရာကြောင့် ကာလရှည်လက်လွှတ်ရင်း ဖြတ်ကျော်ခဲ့ရပါတယ်။ အခုရာသီကြိုကာလအပြီးမှာလည်း သောမတ်စ်ဖရန့်ခ်အတွက် အူဒိုဂီ၊ မက်ဒီဆင်၊ ဆိုလန်ကီနဲ့ ကူလူဆက်ဗ်စကီးတို့ မရှိပေးနိုင်ပါဘူး။ ဒါပေမဲ့ ဒိန်းမတ်သားနည်းပြက ဒီကစားသမားတွေအနက် အချို့ဟာ မကြာမီပြန်လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ ကျွန်တော်တို့မှာ မတူညီတဲ့ကိစ္စသုံးခု ရှိပါတယ်။ ဆိုလန်ကီကတော့ မကြာခင်မှာပဲ  ပြန်လာနိုင်ပါလိမ့်မယ်။ ကံကြမ္မာပေါ့။ အခြေအနေနဲ့ပတ်သက်လို့ လာမယ့်ရက်ပိုင်းအတွင်း အသေးစိတ် သိရှိလာရပါလိမ့်မယ်။ ကူလူဆက်ဗ်စကီးကတော့ အရင်ကျွန်တော်ပြောခဲ့သလိုပဲ ကာလရှည်အနားယူရပါလိမ့်မယ်”လို့ ပြောပါတယ်။ အူဒိုဂီရဲ့ဒဏ်ရာ စိုးရိမ်ရသလားဆိုတဲ့မေးခွန်းကို သူက “ မစိုးရိမ်မိပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း ဒီထက်ပိုပြီး သိရပါလိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။