ဒဏ်ရာရရှိသွားတဲ့ လန်နတ်ကားလ်ရဲ့အခြေအနေကို ဖွင့်ဟပြောပြလာတဲ့ ဂျာမနီနည်းပြနာဂယ်လ်စမန်း
ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီအသင်းကြယ်ပွင့်လန်နတ်ကားလ်က လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းချိန်အတွင်း ဒဏ်ရာအသစ်ရရှိခဲ့လို့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မရေမရာဖြစ်လာခဲ့ပါတယ်။
နည်းပြနာဂယ်လ်စမန်းက သောကြာနေ့၊ လေ့ကျင့်ရေးဆင်းနေချိန် ဒဏ်ရာရရှိသွားတဲ့ အသက် ၁၈ နှစ်အရွယ်ကစားသမားလေးကို ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ဆေးရုံဆီ ချက်ချင်းပို့ဆောင်ထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။
အသင်းရဲ့ဆေးဘက်ဆိုင်ရာထုတ်ပြန်ချက်တွေကို စောင့်ဆိုင်းနေချိန်အတွင်းမှာပဲ နည်းပြက "အခြေအနေ သိပ်မကောင်းဘူး" လို့ ဝန်ခံခဲ့ပါတယ်။
"အခြေအနေ သိပ်မကောင်းပါဘူး။ သူ ဆေးရုံကို သွားခဲ့ရပြီး ဆေးစစ်မှုတွေ ပြုလုပ်သွားပါလိမ့်မယ်။ ရောဂါရှာဖွေမှုအဖြေကို စောင့်ဆိုင်းရမှာဖြစ်ပြီး ကမ္ဘာ့ဖလားကစားနိုင်မလား သို့မဟုတ် သူ့အစား အခြားတစ်ဦးဦးကို အစားထိုးခေါ်ယူရမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်" လို့ နာဂယ်လ်စမန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လန်နတ်ကားလ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး ဥရောပရဲ့အလားအလာအရှိဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့ကာ ဂျာမနီစီနီယာလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း လတ်တလောကြုံတွေ့ခဲ့ရတဲ့ဒဏ်ရာကြောင့် သူ့ရဲ့ကမ္ဘာ့ဖလားအိပ်မက်က လက်ရှိမှာ တကယ်ကို မရေမရာဖြစ်သွားခဲ့ပါတယ်။